ရှန်းကျန့်မြို့မှာ မိနစ်၃၀အတွင်း ဘာတွေလုပ်နိုင်ပါသလဲ?
အောက်ထပ်ဆင်းပြီး ကော်ဖီတစ်ခွက်သောက်နိုင်သလိုတိုတောင်းတဲ့အစည်းအဝေးတစ်ခုလည်း လုပ်နိုင်ပါတယ်။
သို့မဟုတ်စက်ရုပ်တစ်ရုပ်အတွက်အဓိကအစိတ်အပိုင်းအားလုံးကို စုံလင်အောင်စုဆောင်းနိုင်ပါတယ်။
ရှန်းကျန့်မြို့နန်ရှန်းခရိုင်ရှိ “စက်ရုပ်တောင်ကြား” (Robot Valley) တွင် လုပ်ငန်းကွင်းဆက်နှင့်ဆက်စပ်နေသော ကုမ္ပဏီများစွာစီတန်းတည်ရှိနေပြီး “အပေါ်ထပ်အောက်ထပ်သည် လုပ်ငန်းမိတ်ဖက်များ”ဖြစ်ကြကာ ကားမောင်းလျှင်အများဆုံးမိနစ်၃၀ပင်မပြည့်ချေ။ထိုကဲ့သို့ထူးကဲလှသော အထောက်အကူပြုနိုင်စွမ်းကြောင့်လုပ်ငန်းများသည် “တစ်ရက်အတွင်း လုပ်ငန်းစဉ်အားလုံးပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်း” (Daily Closed-Loop) ကို ဖော်ဆောင်နိုင်ကြပါသည်။
မကြာသေးမီကကျင်းပခဲ့သည့်၂၀၂၆ခုနှစ်နွေရာသီဒါးဗို့စ်ဖိုရမ် (Summer Davos Forum) ဖွင့်ပွဲအခမ်းအနားတွင်တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်က“ရှန်းကျန့်စက်ရုပ်တောင်ကြား၏ မိနစ်၃၀အထောက်အကူပြုစက်မှုဝန်းကျင်”ကိုအထူးတလည်ထည့်သွင်းပြောကြားခဲ့ပြီး ၎င်းကို ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသအီလက်ထရွန်းနစ်သတင်းအချက်အလက်၁နာရီဆန်းသစ်တီထွင်မှုဝန်းကျင်၊ချုံချင့်မော်တော်ဆိုင်ကယ်၁နာရီစက်မှုဝန်းကျင်တို့နှင့်အတူတရုတ်နိုင်ငံ၏အထူးပြု၊ကွဲပြားပြီးထူးခြားချက်ရှိသောစက်မှုအစုအဖွဲ့ (Industrial Cluster) များ၏ ပြယုဂ်အဖြစ်ပူးတွဲချီးကျူးခဲ့ပါသည်။
“မနက်ပိုင်းမှာဒီဇိုင်းပုံစံထွက်တယ်။နေ့လယ်မှာ အောက်ထပ်ကစက်ရုံကို ပို့တယ်။ညနေပိုင်းမှာ နမူနာပစ္စည်းရလို့ စမ်းသပ်မောင်းနှင်နိုင်ပါပြီ” ဟု Yuejiang Technology ၏ ဒုတိယအထွေထွေမန်နေဂျာလျိုကျူဖူက စက်ရုပ်တောင်ကြား၏ စက်မှုပူးပေါင်းဆောင်ရွက်မှုကို ရှင်းပြပါသည်။
“စက်ရုပ်တစ်ရုပ်ကို ဓာတ်ခွဲခန်းကနေသုတေသနပြုထုတ်လုပ်ပြီးတာနဲ့စက်ရုံထဲကို အမြန်ဆုံးသွင်းပြီးစမ်းသပ်ထုတ်လုပ်နိုင်ပါတယ်။ ဒီလိုအဆင်ပြေချောမွေ့မှုမျိုးကိုတခြားမြို့တော်တော်များများက မပေးနိုင်ပါဘူး။ဒီမှာက လူသားပုံစံတူစက်ရုပ် (Humanoid Robot) တွေအတွက် အကောင်းဆုံးစမ်းသပ်ကွင်းပြင်ရှိနေတာပါ” ဟု Leju Robot မှတာဝန်ရှိသူတစ်ဦးက အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။
ကုမ္ပဏီများ၏လက်တွေ့ခံစားချက်များသည် စက်မှုကဏ္ဍ၏ခိုင်မာသောကိန်းဂဏန်းအချက်အလက်များအဖြစ်ပေါ်ထွက်လာကာ၂၀၂၅ခုနှစ်တွင် ရှန်းကျန့်၏စက်ရုပ်စက်မှုကဏ္ဍစုစုပေါင်းအထွက်နှုန်းတန်ဖိုးသည်ယွမ် ၂၄၂ ဒသမ ၆ ဘီလီယံအထိ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်၂၀ဒသမ၅၆ရာခိုင်နှုန်းတိုးတက်လာကာ သမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့ပါသည်။ယင်းဘီလီယံရာချီတန်အထွက်နှုန်းတန်ဖိုးနှင့်အတူစက်မှုလုပ်ငန်းသုံးစက်ရုပ် (Industrial Robot) အစုံရေ ၁၉၄,၉၀၀နှင့် ဝန်ဆောင်မှုစက်ရုပ် (Service Robot) အစုံရေ၇ဒသမ၉၆သန်းကျော်ထုတ်လုပ်နိုင်ခဲ့ပြီး အဓိကထုတ်လုပ်မှုကိန်းဂဏန်းနှစ်ခုစလုံးသည်နိုင်ငံအတွင်း ပထမနေရာတွင် ရပ်တည်နေပါသည်။
ဤကဲ့သို့ အပြတ်အသတ်အားသာချက်ရှိနေခြင်း၏ နောက်ကွယ်တွင် ရှန်းကျန့်၌ခိုင်မာသော “အခြေခံအုတ်မြစ်” ရှိနေခြင်းကြောင့် ဖြစ်ပါသည်။အချက်အလက်များအရ ရှန်းကျန့်စက်ရုပ်တောင်ကြားတည်ရှိရာနန်ရှန်းခရိုင်တစ်ခုတည်း၌ပင် အရည်အသွေးမြင့်စက်ရုပ်ကုမ္ပဏီပေါင်း၂၀၀ကျော် စုစည်းနေပါသည်။၎င်းသည် လူအများမြင်တွေ့နေရသည့် ရှေ့တန်းမျက်နှာစာမျှသာဖြစ်ပြီး နောက်ကွယ်တွင် မူရှန်းကျန့်မြို့က ဆယ်စုနှစ်များစွာအတွင်းလူသုံးအီလက်ထရွန်းနစ်နှင့်စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) စက်မှုလုပ်ငန်းများမှတစ်ဆင့် စုဆောင်းခဲ့သည့်တိကျသေချာသော ကုန်ထုတ်လုပ်မှုစွမ်းရည်၊ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှုစွမ်းရည်နှင့်အင်ဂျင်နီယာအင်အားတို့ရှိနေပါသည်။
စက်မှုအင်ဂျင်နီယာ၊အီလက်ထရွန်းနစ်နှင့်ဆော့ဖ်ဝဲဟူသည့် စက်ရုပ်ထုတ်လုပ်ရေး၏အဓိကအစိတ်အပိုင်း၃ခုလုံးမရှိမဖြစ်လိုအပ်ပြီး ရှန်းကျန့်သည်ထိုစွမ်းရည်၃ရပ်ကိုအင်အားတစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ စက်ရုပ်စက်မှုလုပ်ငန်းအတွင်းသို့ အပြည့်အဝအစားထိုးထည့်သွင်းပေးနိုင်ခဲ့ပါသည်။
အကယ်၍ “မိနစ်၃၀စက်မှုဝန်းကျင်” သည်ရုပ်ပိုင်းဆိုင်ရာအရ “ထုတ်လုပ်နိုင်စွမ်း” ပြဿနာကိုဖြေရှင်းပေးခဲ့သည်ဆိုလျှင်စက်ရုပ်စက်မှုလုပ်ငန်း၏ အမြင့်ပျံသန်းမှုကို အမှန်တကယ်ဆုံးဖြတ်ပေးသည်မှာပိုမိုနက်ရှိုင်းသောမောင်းနှင်အားနှစ်ခုဖြစ်သည့် “မူဝါဒ” နှင့် “လက်တွေ့အသုံးချမှုအခင်းအကျင်း” တို့ဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ “၁၅ကြိမ်မြောက်၅နှစ်စီမံကိန်း” မူဘောင်တွင်Embodied AI (ရုပ်ပိုင်းဆိုင်ရာရှိသောဉာဏ်ရည်တုစနစ်)ကိုစီးပွားရေးတိုးတက်မှုတွန်းအားသစ်အဖြစ်မြှင့်တင်ရန်အဆိုပြုထားပါသည်။စက်မှုဖွံ့ဖြိုးတိုးတက်မှု၏အဓိကအခြေစိုက်စခန်းဖြစ်သော ရှန်းကျန့်မြို့သည်ခိုင်မာသောလုပ်ငန်းအစီအစဉ်များကိုချမှတ်ပေးခဲ့ပြီး ဆန်းသစ်တီထွင်မှုအတွက်လမ်းဖွင့်ပေးရုံသာမက ဘဏ္ဍာရေးပံ့ပိုးမှုတွင်လည်း“ကူပွန်သုံးမျိုး” စနစ် (Three-Voucher System) ကိုပထမဆုံးတီထွင်ကာ ကုမ္ပဏီများအတွက်အစောပိုင်းရင်းနှီးမြှုပ်နှံမှုကြီးမားသည့် အခက်အခဲကိုဖြေရှင်းပေးရန်‘ကွန်ပျူတာတွက်ချက်မှုစွမ်းရည်ကူပွန် (Computing Power Vouchers)’၊ ‘ဒေတာအရင်းအမြစ်ကူပွန် (Corpus Vouchers)’ နှင့် ‘AI မော်ဒယ်သုံးကူပွန် (Model Vouchers)’ တို့ကိုနှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါသည်။
မူဝါဒပိုင်းလမ်းခင်းပေးထားသော်လည်း စက်မှုလုပ်ငန်းအမှန်တကယ်ရှေ့ဆက်နိုင်ရန်မှာ လက်တွေ့အသုံးချမှုပိုင်းတွင်အောင်မြင်မှုရှိ၊မရှိအပေါ်၌မူတည်ပါသည်။ဤအချက်သည်ရှန်းကျန့်၏ “ဝှက်ဖဲ” ဖြစ်ပါသည်။အကြောင်းမှာ ရှန်းကျန့်ကိုယ်တိုင်က ကမ္ဘာပေါ်တွင် သိပ်သည်းဆအမြင့်ဆုံး “စူပါလက်တွေ့အသုံးချမှုကွင်းပြင်” (Super Application Field) တစ်ခုဖြစ်နေပြီး ဤနေရာတွင်စက်ရုံများနှင့်သိပ္ပံနည်းပညာဥယျာဉ်များထူထပ်စွာတည်ရှိနေပါသည်။
၎င်းအပြင် ဥယျာဉ်များထိန်းသိမ်းမောင်းနှင်ခြင်း၊စက်မှုလုပ်ငန်းအရည်အသွေးစစ်ဆေးခြင်းနှင့် အန္တရာယ်ရှိသေ ာလုပ်ငန်းခွင်များသည် လူသားပုံစံတူစက်ရုပ်များကို အရေးတကြီးလိုအပ်နေသည့် နေရာများဖြစ်ပါသည်။ယခုအခါ ရှန်းကျန့်သည်မြို့တစ်ခုလုံးကို စက်ရုပ်များ၏ “စမ်းသပ်ကွင်း” အဖြစ်သတ်မှတ်ထားပြီး “မြို့ပြ + AI” လက်တွေ့အသုံးချမှုအခင်းအကျင်းပေါင်း ၃၀၀ နီးပါးကို ဖွင့်လှစ်ပေးထားရာကုမ္ပဏီများသည် လက်တွေ့ကမ္ဘာတွင်ပြဿနာများကို ရှာဖွေနိုင်ပြီး ထုတ်ကုန်များကို အဆင့်မြှင့်တင်နိုင်ကာ စျေးကွက်သို့ရောက်ရှိမည့် သက်တမ်းစက်ဝန်းကို သိသိသာသာတိုတောင်းစေခဲ့ပါသည်။
အနာဂတ်ကို မျှော်မှန်းလျက်ရှန်းကျန့်သည် ပန်းတိုင်အသစ်တစ်ခုကိုလည်း သတ်မှတ်ထားပြီး ၂၀၂၇ ခုနှစ်တွင် ကာလတန်ဖိုးယွမ်၁၀ဘီလီယံကျော်ရှိသော ကုမ္ပဏီ ၁၀ ခုထက်မနည်းနှင့်ဝင်ငွေယွမ် ၁ ဘီလီယံကျော်ရှိသောကုမ္ပဏီ၂၀ ထက်မနည်းကို ထပ်မံပျိုးထောင်သွားရန်နှင့်ယွမ်ဘီလီယံအဆင့်ရှိလက်တွေ့အသုံးချမှုအခင်းအကျင်း၅၀ကျော်ကို အကောင်အထည်ဖော်ရန်ရည်မှန်းထားပါသည်။
လွန်ခဲ့သော အနှစ် ၄၀ က ရှန်းကျန့်သည်“၃ ရက်လျှင် ၁ထပ်”ဆိုသည့်အရှိန်အဟုန်ဖြင့်ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့ပြီး ယနေ့တွင်မူဤမြို့သည် “မိနစ်၃၀စက်မှုဝန်းကျင်” ဖြင့်ထိရောက်မှုကို တစ်ဖန်ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုလိုက်ပြန်ပြီဖြစ်ပါသည်။ရှန်းကျန့်သည် ကံကောင်းပြီး စက်မှုလှိုင်းလုံးတိုင်းကို အချိန်ကိုက်မိခဲ့သည်ဟု အချို့ကဆိုကြသော်လည်း လမ်းကြောင်းကို ပြန်ကြည့်လျှင် လူသုံးအီလက်ထရွန်းနစ်မှသည် စွမ်းအင်သစ်သုံးမော်တော်ယာဉ်၊ ထို့နောက်စက်ရုပ်အထိ “အချိန်ကိုက်ဖြစ်ရပ်” တိုင်းသည်အမှန်စင်စစ်တူညီသော ယုတ္တိတစ်ခုကိုထပ်ခါတလဲလဲလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပါသည်။၎င်းမှာလုပ်ငန်းကွင်းဆက်၏ အစိတ်အပိုင်းတိုင်းကိုနက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ခြင်းနှင့်ဆန်းသစ်တီထွင်မှု၏ အုတ်မြစ်တိုင်းကို ခိုင်မာစွာချမှတ်ခြင်းပင် ဖြစ်ပါသည်။
၎င်းသည် တရုတ်နိုင်ငံ၏စက်မှုကဏ္ဍအဆင့်မြှင့်တင်မှု၏ပြယုဂ်တစ်ခုလည်း ဖြစ်ပါသည်။တရုတ်နိုင်ငံတွင် “မိနစ် ၃၀ စက်မှုဝန်းကျင်” နှင့်“၁ နာရီစက်မှုဝန်းကျင်”များသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်မိလျက်ရှိပြီး“တရုတ်ဉာဏ်ရည်တုကုန်ထုတ်လုပ်မှု” (China Smart Manufacturing)၏ မြေပုံအသစ်ကို ပုံဖော်နေကြပါသည်။အနာဂတ်တွင် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားအသစ်များသည်လည်း ထို “စက်မှုဝန်းကျင်” များမှတစ်ဆင့် အရှိန်အဟုန်ပြင်းစွာထွက်ပေါ်လာတော့မည် ဖြစ်ပါသည်။
သတင်းအရင်းအမြစ် : San Li He






