ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှုပ်ထွေးဆက်သွယ်ရေးကြိုးများ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ၎င်းကြိုးများကို မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်နိုင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
အစည်းအဝေးတွင် ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဌာနမှူး ဦးလင်းနိုင် က ဆက်သွယ်ရေးကြိုးများ ရှင်းလင်းရေးနှင့် မြေအောက်ကေဘယ်စနစ်သို့ ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်လုပ်ဆောင်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ အစည်းအဝေးသို့ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေးပေါင်းစပ်ညှိနှိုင်းကော်မတီ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။
Photo- MFN






