အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာအရအရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများကို မိမိတိုအစိုးရတာဝန်ယူထားရသည့်ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးမှုရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၉ ရက်က ကျင်းပသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်သမ္မတက တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ကူးသန်းနိုင်သည့် လမ်းကြောင်းစီမံကိန်းများသည် ယခင်အစိုးရများ အဆက်ဆက်တွင် အကောင်အထည်ဖော်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိကာ အဆိုပါစီမံကိန်းများသည် မိမိတို့နိုင်ငံအတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအခွင့်အလမ်းများစွာ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာမက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတို့အပေါ်တွင်လည်း ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည့်အလျောက် သက်ဆိုင်ရာစီမံကိန်းလမ်းကြောင်းများအလိုက် လုံခြုံရေးပိုင်းအရ ဆောင်ရွက်ပြီးချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဝင်ရောက်ဆောင်ရွက်သွားကြရမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းသည် အရှည်ကီလိုမီတာ ၁၃၆၀ (၈၄၅ မိုင်ခန့်) ရှည်လျားသော လမ်းမကြီးဖြစ်ပြီး ယင်းလမ်းမကြီးဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်၊ မိုရေးမြို့မှစတင်ပြီး မြန်မာနိုင်ငံကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အဆုံးသတ်မည်ဖြစ်ရာ အိန္ဒိယ-မြန်မာနယ်စပ်မှ ဝင်ရောက်လာသောလမ်းသည် ပြည်တွင်း၌ တမူး၊ ခမ်းပတ်၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ ပဲခူး၊ မြဝတီမြို့တို့ကို ဖြတ်သန်းသွားမှာဖြစ်သလို လမ်းပိုင်းအများစုမှာ လုပ်ငန်းများပြီးစီးနေသော်လည်း လုံခြုံရေးအခြေအနေများကြောင့် လမ်းပိုင်းအချို့ ဆက်လက်ဆောင်ရွက်ရန်ကျန်နေသေးကြောင်း သိရပါတယ်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင်ပါဝင်သော စစ်တွေဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စတင်ခဲ့ပြီး ဆိပ်ကမ်း၊ ဆိပ်ကမ်းဝင်းအတွင်း ဆက်စပ်ရုံးအဆောက်အအုံများအား ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သလို ပလက်ဝ ပြည်တွင်းရေကြောင်းဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ တွင် စတင်ခဲ့ပြီး ဆိပ်ကမ်းနှင့်တကွ ဆက်စပ်ရုံး၊ အဆောက်အအုံများ ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့တယ်လို့လည်း သိရပါတယ်။
ကုလားတန်စီမံကိန်းတွင်ပါဝင်သည့် စစ်တွေ ဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ခန့်ရှိပြီး ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ မော်တော်ကားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂၄ သန်းခန့်ဖြစ်ရာ စီမံကိန်းတစ်ခုလုံး၏ စုစုပေါင်းခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့်ရှိတယ်လို့လည်း သိရပါတယ်။
Photo- MOI






