ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဩဂုတ် ၁၈ ရက်နေ့ ရုရှားစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍ အပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန်၊ စွမ်းအင်ကဏ္ဍနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အတူ မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းကို ဩဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ကရင်မလင်နန်းတော်၌ ပြုလုပ်ခဲ့ပြီး စုစုပေါင်းနားလည်မှုစာချွန်လွှာ ၁၂ ခုအား နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူများက နှစ်နိုင်ငံသမ္မတများ၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် ကရင်မလင်နန်းတော်၌ပင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က “မြန်မာနိုင်ငံမှာ သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ မြန်မာနိုင်ငံကို ရုရှားက LNG တင်ပို့ဖို့ အလားအလာများစွာ ရှိပါတယ်။ အဆိုပါ LNG ကို ပြည်တွင်းအသုံးပြုရေး အပါအဝင် အခြားနိုင်ငံများကိုလည်း တင်ပို့လို့ရပါတယ်။ အရင်နှစ်က မြန်မာနိုင်ငံမှာ အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစီမံကိန်းက နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းလည်း ဖြစ်ပါတယ်။ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာလည်း စီမံကိန်းအများအပြား ဆောင်ရွက်ဖို့ အလားအလာရှိပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံလည်း တည်ဆောက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းမှာလည်း ရေနက်ဆိပ်ကမ်း တည်ဆောက်မှုစီမံကိန်းကိုဆွေးနွေးနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ထို့အပြင် High-Tech နယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေသလို မြန်မာနိုင်ငံရဲ့ Digital နယ်ပယ်၊ Cyber Security အစရှိတဲ့ High-Tech နယ်ပယ်မှာ ရုရှားကုမ္ပဏီများရဲ့အဆိုပြုချက် အစီအစဉ်အများအပြား ရှိကြောင်း၊ မြန်မာနိုင်ငံက ရုရှားဆီက ပရိုဂရမ်ကို ပါဝင်ဖို့အစီအစဉ်ရှိကာ ယခု ရုရှား တက္ကသိုလ်မှာ မြန်မာကျောင်းသား ကျောင်းသူ စုစုပေါင်း အယောက် ၄၀၀ ရှိကြောင်း၊ ရုရှားတက္ကသိုလ်ကနေ အောင်မြင်ပြီးတဲ့ မြန်မာကျောင်းသား ကျောင်းသူကတော့ ၁၇,၀၀၀ ဖြစ်ပြီး နိုင်ငံတကာကိစ္စရပ်များအတွက် ရုရှားနဲ့မြန်မာရဲ့ထင်မြင်ချက်က အလွန်နီးကပ်ကြောင်း၊ ရုရှား-မြန်မာက နိုင်ငံတကာအဖွဲ့တွေ ကာကွယ်ရေးဆိုင်ရာနဲ့ ပြည်တွင်းရေးစွက်ဖက်မှုတွေအတွက် အချိန်တိုင်းကန့်ကွက်နေသလို ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုက ကောင်းစွာတိုးတက်နေကြောင်းလည်း ရုရှားသမ္မတက ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိတဲ့နိုင်ငံဖြစ်တဲ့အပြင် အနီးအနားမှာလည်း ကြီးမားတဲ့ဈေးကွက်ကြီးရှိသလို သဘာဝသယံဇာတတွေလည်း ပေါကြွယ်ဝတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိပြီး လုပ်သား အင်အားသာမက ကောင်းမွန်ပြီး သမမျှတတဲ့ ရာသီဥတုလည်း ရှိပါတယ်။ ဒါ့အပြင် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းတစ်ခုလည်း ရှိပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ သမ္မတကြီးမှတစ်ဆင့် ထပ်မံဖိတ်ခေါ်လိုပါတယ်”လို့ ပြောကြာခဲ့ပါတယ်။
Photos- PPIB






