[latest_news_marquee]

လမ်းမတော် (၁၉) လမ်းကဲ့သို့ ညဈေးတန်းများ အခြားမြို့နယ်များတွင်လည်း မြေနေရာအကျယ်အဝန်းပေါ်မူတည်၍ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မယ်လို့ဆို

လမ်းမတော်မြို့နယ်ရှိ (၁၉) လမ်းကဲ့သို့ ညဈေးတန်းများကို အခြားမြို့နယ်များတွင်လည်း မြေနေရာအကျယ်အဝန်းပေါ် မူတည်၍ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားခဲ့ပါတယ်။

တရားဝင်အခွန်ငွေကောက်ခံရန်နှင့် ရောင်းချခွင့်နေရာ အသုံးပြုခွင့် အခများမှ ဒေသဆိုင်ရာဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်ရန်နှင့် ပတ်သက်၍ ရောင်းချသူများအပေါ် အခက်အခဲမရှိစေဘဲ သန့်ရှင်းသပ်ရပ်မှုနှင့် ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေးအတွက် လမ်းမတော်မြို့နယ်၊ (၁၉)လမ်းကို စံပြဈေးတန်းတစ်ခုအဖြစ် စနစ်တကျရှိစေရေး စီမံချက်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့် ကျန်အခြား မြို့နယ်များတွင်လည်း မြေနေရာအကျယ်အဝန်းပေါ်မူတည်၍ လမ်းမတော်မြို့နယ်၊ (၁၉)လမ်းကဲ့သို့ ညဈေးတန်းများ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့  ဩဂုတ် ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

တာမွေမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးဉာဏ်ထက်ခိုင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းဘေးဈေးသည်နှင့် ပျံကျဈေးသည်များအား စနစ်တကျ တရားဝင် စီမံခန့်ခွဲရေးအစီအစဉ်များ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းမှုကို တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားရာမှာ အခုလို ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မြေနေရာရရှိသည့်နေရာများတွင် ဈေးသစ်များဖော်ဆောင်ခြင်းကို ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ဖော်ဆောင်ရန် စီမံချက်ရှိတယ်လို့လည်း သူက ဖြေကြားခဲ့ပါတယ်။

တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင်က “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် စည်းကမ်းမဲ့ ဈေးရောင်းချနေသော လမ်းဘေးပျံကျဈေးသည်များအနက် ဈေးနှင့်နီးပြီး အခြေအနေပေးသည့် ဈေးများအတွင်း ထည့်သွင်း၍ စနစ်တကျ ဈေးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် မြေနေရာရှိသည့် နေရာများတွင် ဈေးသစ်များဖော်ဆောင်ခြင်း များ ဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်အလိုက် လမ်းအလိုက် ဈေးရောင်းချသူများလည်း စာရင်းပြုစုထားရှိပါတယ်။ ထို့အပြင် လမ်းဘေးပျံကျဈေးသည်များ ဈေးအတွင်း စည်းကမ်းတကျ ဈေးရောင်းချမှုရှိပါက ကနဦးအနေဖြင့် ငွေရပြေစာ၊ ကတ်ပြား တို့ဖြင့် လည်းကောင်း၊ ဈေးရုံဆောက်လုပ်ပြီးပါက မှတ်ပုံတင်ဆိုင်ခန်း အဖြစ်လည်းကောင်း စနစ်တကျတရားဝင် မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ လွှတ်တော်တွင် ပြောကြားခဲ့ပါတယ်။

ထို့အပြင် လမ်းဘေးဈေးသည်နှင့် ပျံကျဈေးသည်များကို သန့်ရှင်းရေးနှင့်အစားအသောက် ဘေးကင်းလုံခြုံရေးစံနှုန်းများပါဝင်သည့် စနစ်တကျစီမံခန့်ခွဲရေးအစီအစဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တရားဝင်ခွင့်ပြုချက်လုပ်ငန်းလိုင်စင်ဖြင့် ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ လမ်းဘေးဈေးသည်များကိုလည်း သန့်ရှင်းရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံစေရေးအတွက် ကျန်းမာရေးဌာနအဆင့်ဆင့်မှ စစ်ဆေးအသိပညာပေးခြင်း၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် အခါအားလျော်စွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့နယ်အလိုက်၊ လမ်းအလိုက်ပြည်သူကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လမ်းများပေါ်တွင် စည်းကမ်းမဲ့ ဈေးရောင်းချနေသော လမ်းဘေးပျံကျဈေးသည်များအနက် ဈေးနှင့်နီးပြီး အခြေအနေပေးသည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်မှ ၂၀၂ ဦး၊ လှိုင်မြို့နယ်၊ စက်မှုဇုန် (၁)လမ်းမှ ၅၁ ဦး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုတံတားအနီး အမှတ်(၂)လမ်းမကြီးဘေးမှ ၁၈၃ ဦးအား သက်ဆိုင်ရာမြို့နယ်များမှ နီးစပ်ရာ ဈေးများတွင် နေရာချထားပေးခဲ့တယ်လို့ သိရပါတယ်။

ယင်းနည်းတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကေတုမတီလမ်းပေါ်မှ ၂၂၄ ဦး၊  မင်းရဲကျော်စွာလမ်းပေါ်မှ ၄၂ ဦး၊ သာကေတမြို့နယ် ပဒုမ္မာလမ်းပေါ်မှ ၂၀၁ ဦး၊ နွယ်နီလမ်းပေါ်မှ ၁၄၃ ဦး၊ သာကေတ အမှတ် (၂)ဈေးပတ်လမ်း ပေါ်မှ ၄၃ ဦး၊ ဒေါပုံမြို့နယ် ဓမ္မာရုံလမ်းပေါ်မှ ၃၇ ဦးအား မြို့နယ်အတွင်းမှ ဈေးအချို့သို့ လည်းကောင်း၊ ဒလမြို့နယ် ကန်သာယာလမ်းပေါ်မှ ၂၆ ဦး၊ တွံတေး – ဒလလမ်းပေါ်မှ ၂၂၀ ဦးတို့အား မြို့နယ်အတွင်းက ဈေးများတွင်လည်းကောင်း နေရာချထားပေးခဲ့ကာ စုစုပေါင်း ပျံကျဈေးသည် ၁၁၈၇ ဦးကို ဈေးများအတွင်း နေရာချထား၍ စနစ်တကျ ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ထို့အတူ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ညောင်ကျေးရွာ၊ ဗိုလ်တေဇလမ်းမှ ၅၁၈ ဦးအား ညောင်ရွာဈေးတွင်လည်းကောင်း၊ ရပ်ကွက်ကြီး(၁) ဗိုလ်အောင်ကျော်လမ်းမှ ၃၄၈ ဦးအား ထွန်းသီရိဈေးတွင်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ခီဝေလမ်းပေါ်မှ ၃၄၀ ဦးအား အမှတ်(၂)ဈေးတွင်လည်းကောင်း၊ ခေမာကျောင်းလမ်းမှ ၅၀၀ ဦးအား (၄)ဈေးတွင်လည်းကောင်း၊ သုဓမ္မာလမ်းမှ ၈၂ ဦးအား သုဓမ္မာဈေးတွင်လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပုလဲလမ်းနှင့် အောင်ဇေယျလမ်းမှ ၆၀ ဦးအား ဒဂုံသီရိဈေးတွင်လည်းကောင်း စုစုပေါင်း ၁၉၄၈ ဦးကို ဈေးများအတွင်း နေရာချထား၍ စနစ်တကျ ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ပျံကျဈေးသည်များကို စနစ်တကျ တရားဝင်မှတ်ပုံတင်ခွင့်ပြုပေးရန်နှင့် ပတ်သက်၍ ပျံကျဈေးသည်များသည် မြို့နယ်အစုံ၊ နေရာအစုံမှ စားသုံးသူများ၏ လိုအပ်ချက်အလိုက် စားသောက်ကုန်အမျိုးမျိုးအား လာရောက်ရောင်းချလေ့ရှိပြီး ၎င်းတို့အား မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ယာဉ်သွားလမ်းပိတ်ဆို့ခြင်း၊ အမှိုက်နှင့် အညစ်အကြေးများ လမ်းပေါ်သို့စွန့်ပစ်ခြင်း၊ လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ပြည်သူလူထုစားသုံးရန် မသင့်တော်သော ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသည့် အစားအသောက်များရောင်းချခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေသည့်အတွက် စည်းကမ်းထိန်းသိမ်း၊ ပညာပေးခြင်း၊ ရှင်းလင်းခြင်း၊ ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photos- MFN , Internet

Your Ad Here
Ad Size: 336x280 px

More News