မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ အပါအဝင် စိုက်ပျိုးရေး၊ AI နှင့် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံကြရန် ဩဂုတ် ၂၀ ရက်က ဘယ်လာရုစ် နိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်မှာ နိုင်ငံတော် သမ္မတမှ ဘယ်လာရုစ် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့ပါတယ်။
နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးဖိတ်ခေါ်လျက်ရှိကာ အထူးသဖြင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကိုအားပေးဖိတ်ခေါ်နေပြီး ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍမှ ရေအားလျှပ်စစ် ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံသည် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် စသည့် မြစ်ကြီး ၄ စင်းအပြင် မြစ်ချောင်းပေါင်း ၁၀၀၀ ကျော်ရှိပြီး နှစ်စဉ် မိုးရေချိန် ၂၀၀၀ – ၅၀၀၀ မီလီမီတာ ရွာသွန်းခြင်းကြောင့် ရေအားလျှပ်စစ်ကို ၁၀၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ၄၀-၅၀ ဂစ်ဂါဝပ် အထိ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့အပြင် အပူပိုင်းဒေသ နေရောင်ခြည်ခါးပတ်ကွင်းအတွင်းတွင်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် နေရောင်ခြည် စွမ်းအင်ကိုနှစ်စဉ် ၅၁၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ အထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့လည်း သူက ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ တီကျစ်ဒေသ၊ နမ်းမားဒေသနှင့် မော်လိုက်ဒေသများသည်လည်း ကျောက်မီးသွေးများ ထွက်ရှိရာဒေသများဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးသည့်အဆင့်မြင့်နည်းပညာများအသုံးပြုကာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုလည်း တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေး ဆောင်ရွက်နိုင်တာကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတွင် ဘယ်လာရုစ် လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ တောင်အာရှ၊ အရှေ့တောင် အာရှနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးနိုင်သောနေရာတွင် တည်ရှိပြီး မိမိတို့ အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် မူဝါဒ ချမှတ်အကောင် အထည်ဖော်ရာတွင် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတု၊ တည်နေရာအားသာချက်များကို အခြေပြုပြီး စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုနိုင်ငံအဖြစ် ဦးတည်ဖော်ဆောင်နေတယ်လို့ သူက ပြောကြားခဲ့ ပါတယ်။
ဘယ်လာရုစ်နိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများ၊ ဓာတ်မြေဩဇာ၊ လယ်ယာသုံးစက်ပစ္စည်းများဟာ အရည်အသွေး ကောင်းမွန်တာကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို Smart Agriculture စနစ်သို့ အောင်မြင်စွာကူးပြောင်း နိုင်ရန်အတွက် ဘယ်လာရုစ်နိုင်ငံမှလုပ်ငန်းရှင်များအနေဖြင့် လယ်ယာစိုက်ပျိုးမှု(Farming)မှသည် စားသောက်ကုန်ထုတ်လုပ်မှု (Food Processing) လုပ်ငန်းများအထိ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ထို့အတူ ဘယ်လာရုစ်၏ အရည်အသွေးမြင့် လယ်ယာသုံးစက်ပစ္စည်းများ၊ စက်ယန္တရားများနှင့် စက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းအသုံးပြုနိုင်မည့် အလားအလာများရှိပြီး၊ မြန်မာနိုင်ငံတွင် ပူးပေါင်းထုတ်လုပ်ရန်အတွက်လည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လိုကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဦးစားပေး အကောင်အထည်ဖော်လျက်ရှိခြင်းကြောင့် ခေတ်မီသိုလှောင်ရုံများ၊ အအေးခန်းသိုလှောင်ရုံများ၊ ကုန်စည်ပို့ဆောင်ရေး အခြေခံအဆောက်အအုံများကဲ့သို့ စီးပွားရေးစီမံကိန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
နိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်နှင့် နည်းပညာဝန်ဆောင်မှုတိုးတက် လာစေရန်အတွက် ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာတွင် နည်းပညာနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပြီး အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု AI အသုံးချမှုများ၊ ဒီဂျစ်တယ် ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးတို့တွင် ဘယ်လာရုစ် နိုင်ငံမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်ဖိတ်ခေါ် လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအမျိုးအစား၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ အားသာချက်ကို မူတည်ပြီး စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များသာမက လယ်ယာပေါင်းစည်းဇုန်များ၊ စက်မှုစီမံကိန်းများလည်း ထူထောင်ဆောင်ရွက်နိုင်ပြီး အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (၃)ခု ရှိသလို မြန်မာနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး စတင်ဆောင်ရွက် လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ဘယ်လာရုစ်နိုင်ငံ၏ အကြီးစားစက်မှု လုပ်ငန်းများဖြစ်သည့် တာယာနှင့် အကြီးစားစက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အကြီးစားကုန်တင်ယာဉ်များ ထုတ်လုပ်ခြင်းကို ဆောင်ရွက်ရန် ဖိတ်ခေါ်လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သတ္တုတူးဖော်သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဖိတ်ခေါ်လိုသည့်အပြင် အဆိုပါဒေသသည် ခရီးသွားလုပ်ငန်းအတွက် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ရှိသည့်အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်းလည်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါတယ်။
Photos- MOI






