မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်များကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းကို ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်၌ ပြုလုပ်ခဲ့ပြီး နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုတို့ကို နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူများက နှစ်နိုင်ငံ သမ္မတများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထိုသို့ လက်မှတ်ထိုးပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ဟာ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့် အပြန်အလှန် ပြောကြားချက်များကို ရှင်းလင်းခဲ့ကြပြီး အဆိုပါ ရှင်းလင်းပွဲမှာ နိုင်ငံတော် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတက “ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်သမ္မတကြီးရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် စတုတ္ထအကြိမ် လာရောက်ခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး နိုဝင်ဘာလမှာ အဆွေတော်သမ္မတကြီးကလည်း မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြန်လည်လာရောက်လည်ပတ်ခဲ့ပါတယ်။ ခရီးစဉ်များအတွင်းမှာ နှစ်နိုင်ငံအနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ယခုခရီးစဉ်မှာလည်း နှစ်နိုင်ငံအကြားသဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၉ ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ သမ္မတကြီးနဲ့ ယနေ့တွေ့ဆုံမှုမှာ ကျွန်တော်တို့ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်များကို အရှိန်အဟုန်နဲ့ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးက အရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ ပိုမိုချဲ့ထွင်နိုင်မယ့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်နိုင်ခဲ့ကြကာ နှစ်နိုင်ငံအစိုးရအကြားမှာသာမက လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြသလို ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ စက်မှု၊ အာကာသအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမယ့် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးနိုင်ခဲ့ကြကာ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဟာလည်း ဇူလိုင်လအတွင်းက အသက်ဝင်ခဲ့ပြီဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာများနှင့် နှစ်နိုင်ငံပြည်သူတွေအကြား ကူးလူးဆက်ဆံမှုမြှင့်တင်နိုင်မယ့် အလားအလာများကို ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ သမ္မတနှစ်ဦးဟာ ဒေသတွင်းနဲ့ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ်လည်း ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြပြီး နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအမှီသဟဲပြု ဆက်လက်ရပ်တည်သွားရေးကို ဆွေးနွေးခဲ့ကြသလို ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လာရုစ်နိုင်ငံမှ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှု စတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လိုပြီး မြန်မာနိုင်ငံမှာရှိတဲ့ အထူးစီးပွားရေးဇုန်တွေအနက် စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်မြို့က သီလဝါအထူးစီးပွားရေးဇုန်မှာ ဘယ်လာရုစ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဖိတ်ခေါ်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
ဘယ်လာရုစ် သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက “ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံက ကျောင်းသားတွေကို ဘယ်လာရုစ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားသွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံကြားမှာ နှစ်နိုင်ငံပါလီမန်အချင်းချင်း ဆက်ဆံမှု၊ နှစ်နိုင်ငံနိုင်ငံရေးပါတီများအကြားဆက်ဆံမှုကိုလည်း ဆက်လက်တိုးမြှင့်သွားမယ်လို့ ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့ထပ်ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ အာမခံနိုင်တာကတော့ အဆွေတော်သမ္မတကြီးနဲ့ ကျွန်တော်နဲ့ ဒီနေ့ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေ၊ အခုလာရောက်တဲ့ ခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေ အားလုံးကို ကျွန်တော်တို့ ဘယ်လာရုစ်ဘက်ကနေပြီးတော့ ဗျူရိုကရက်တစ်ယန္တရားကို ကျော်လွန်ပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက် သွားမယ်လို့ အာမခံပါတယ်”လို့ အဆိုပါ သတင်းရှင်းလင်းပွဲမှာ ပြေကြားခဲ့ပါတယ်။
ထို့အတူ ဩဂုတ် ၂၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Dipservice Hall ၌ ပြုလုပ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သလို ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး တည်ဆောက်မည့်နေရာသို့ သွားရောက်၍ လေ့လာကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဟာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ ဩဂုတ် ၂၂ ရက်နေ့ ဒေသစံတော်ချိန် မနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗာပြည်နယ်သို့ အထူးလေယာဉ်ဖြင့် ထွက်ခွါခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား မင့်စ်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။
Photos – PPIB






