[latest_news_marquee]

လူတူစက်ရုပ်ပေါင်း ၂,၀၅၆ ရုပ်ပါဝင်မယ့် ကမ္ဘာ့လူတူစက်ရုပ်အားကစားပြိုင်ပွဲ 

ဒုတိယအကြိမ်မြောက် ကမ္ဘာ့လူတူစက်ရုပ် အားကစားပြိုင်ပွဲကြီးကို သြဂုတ်လ ၂၂ ရက်ကနေ ၂၆ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီး ဒီပြိုင်ပွဲကြီးမှာ တိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အသင်းပေါင်း ၆၆၆ သင်းလာရောက်ယှဉ်ပြိုင်နေကြကာ စုစုပေါင်းလူတူစက်ရုပ် ၂,၀၅၆ ရုပ် ပါဝင်ပြသယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ယခုပြိုင်ပွဲကို စက်ရုပ်နည်းပညာထိပ်သီးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့က အသင်းများ အသီးသီး စေလွှတ်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘရာဇီးနိုင်ငံကလည်း ကမ္ဘာ့ဖလား ချန်ပီယံ စက်ရုပ် ၅ ရုပ်ပါဝင်တဲ့ အသင်းကို စေလွှတ်ထားသလို အိမ်ရှင် တရုတ်နိုင်ငံမှာတော့ ကုမ္ပဏီ ၁၅၇ ခု၊ တက္ကသိုလ် ၂၇ ခုအပါအဝင် အသင်းပေါင်း ၆၄၁ သင်းနဲ့ စက်ရုပ်ပေါင်း ၁,၉၇၅ ရုပ်က ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ယခုနှစ်ပြိုင်ပွဲကို ပေကျင်းမြို့ပြအစိုးရနဲ့ China Media Group တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ပွဲကျင်းပမယ့်ရက်ကို ယခင် ၃ ရက်မှ ယခု ၅ ရက်အထိ တိုးမြှင့်လိုက်ကာ ပြိုင်ပွဲ ပွဲစဉ်ပေါင်း ၁,၃၀၁ ပွဲနဲ့ ပြိုင်ပွဲအမျိုးအစား ၅၁ မျိုးအထိ ပါဝင်မှာဖြစ်ပြီး အားကစားနည်းအမျိုး ၃၀ နဲ့ လက်တွေ့အသုံးချမှုစနစ် ပြိုင်ပွဲ ၂၁ မျိုး ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ပထမအကြိမ် ပြိုင်ပွဲကထက် အသင်းအရေအတွက် ၁၃၈ ရာခိုင်နှုန်းအထိပိုများလာတာဖြစ်ပြီး ပါဝင်တဲ့စက်ရုပ်အရေအတွက်ကတော့ ၄ ဆအထိ ပိုမိုများပြားလာသလို ယခုနှစ်မှာ အသစ်ထည့်သွင်းလိုက်တဲ့ အားကစားပြိုင်ပွဲတွေကတော့ အလျားခုန်၊ အလေးမ၊ လွန်ဆွဲပွဲ၊ စားပွဲတင်တင်းနစ် စတာတွေ အပြင် လက်ဝှေ့ပွဲများ၊ စတန့်အကပြိုင်ပွဲတွေနဲ့ ကစားသမား စက်ရုပ် ၇ ရုပ်စီယှဉ်ပြိုင်ရမယ့် ဘောလုံးပြိုင်ပွဲတွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

လက်တွေ့အသုံးချမှု စိန်ခေါ်ပွဲတွေမှာလည်း ပြီးခဲ့တဲ့နှစ်က ၆ မျိုးသာရှိရာမှ ဒီနှစ်မှာ ၉ မျိုးအထိ တိုးမြှင့်ပြီး အိမ်သုံး၊ ဟိုတယ်၊ စက်ရုံ၊ အရေးပေါ်ကယ်ဆယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး၊ စာကြည့်တိုက်၊ အရောင်းဆိုင်၊ ရုံးဝန်ဆောင်မှုနဲ့ လျှပ်စစ်ကားအားသွင်းစနစ် စတဲ့အခြေအနေတွေမှာ စက်ရုပ်တွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်သွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စက်ရုပ်တွေရဲ့လက်ချောင်းလှုပ်ရှားမှုစွမ်းရည်ကို စမ်းသပ်တဲ့ “Dexterous Hand Challenge” မှာဆိုရင် ကိရိယာတွေ တပ်ဆင်တာ၊ အမှုန့်များကိုခြင်တွယ်တာ၊ အတုံးများဆင့်တာ၊ သံရိုက်တာ၊ ပုလင်းအဖုံးဖွင့်တာ၊ ပစ္စည်းထည့်ထားတဲ့ပုံးကိုဖွင့်တာ၊ တွဲဆက်ကြိုးများ တပ်ဆင်တာစတဲ့ အကဲဖြတ်မှုတွေပါဝင်တယ်လို့ သိရပါတယ်။

Photo- MWD 

Your Ad Here
Ad Size: 336x280 px

More News