ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှ ၂၂ ရက်နေ့ ညနေပိုင်းအထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူ ၄၁၈ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC) မှ ယနေ့ ဩဂုတ် ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။
အဆိုပါ ဆေးရုံတက်ရောက် ကုသနေသူ ၄၁၈ ဦးတွင် သာမန်ဖြစ်ပွားသူ (၂၁၈)ဦး နှင့် ပြင်းထန်ဖြစ်ပွားသူ (၂၀၀)ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး၌ သာမန် ဖြစ်ပွားသူ (၁၆၅)ဦးနှင့် ပြင်းထန်ဖြစ်ပွားသူ (၁၆၅)ဦး၊ ရခိုင်ပြည်နယ်တွင် သာမန်ဖြစ်ပွားသူ (၅၂)ဦး နှင့် ပြင်းထန်ဖြစ်ပွားသူ (၂၉)ဦး ရှိပြီး သေဆုံး သူ (၂) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ပြင်းထန်ဖြစ်ပွားသူ (၂)ဦး စီနှင့် ပဲခူးတိုင်းဒေသကြီးတွင် သာမန်ဖြစ်ပွားသူ ၁ ဦးရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။
ထို့အပြင် မြို့နယ်အချို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များ၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဗဟိုကွင်းဆင်းအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ၊ နှီးနွယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရေအရင်းအမြစ်များ၌ သတ်မှတ် ကလိုရင်းအကြွင်း စဉ်ဆက်မပြတ်ရှိစေရေး ကလိုရင်းဆေးခတ်ခြင်းနှင့် သောက်ရေများအား ရေသန့်စင်ဆေးပြား ခတ်ခြင်းအပါအဝင် သန့်လေးသန့်လုပ်ငန်းများအားဆောင်ရွက်ခြင်း၊ ရောဂါပိုး ဆက်လက် ပြန့်ပွားမှု မရှိစေရေးအတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများ၏ နေအိမ်များသို့ ကွင်းဆင်းသွားရောက်ပြီး လူနာအခြေပြု ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူလူထုအား ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် အထူးအရေးကြီးကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Photo- MOH






