ညောင်တုန်းကျွန်းတာ ယာယီကာကွယ်တဲ့ အစီအမံ ပြီးစီးတော့မှာဖြစ်ပြီး စိုးရိမ်စရာ မရှိတော့ဘူးလို့ မအူပင်ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တိုးမြစ်၏ မြစ်ရေတိုက်စားမှုကြောင့် အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည် တိုက်စားမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မြစ်ကမ်းပါး ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့တဲ့ နေရာ၏ အနောက်ဘက် ပေ ၂၀၀ ခန့်အကွာမှာ အလျား ပေ ၇၀၀၊ အနံ ၁၀ ပေ ယာယီပန်းတာ တည်ဆောက်ခြင်း၊ သဲအိတ်စီခြင်း၊ တိုင်ထောက်ခြင်း လုပ်ငန်းများကို စက်အင်အား ၇ စီး၊ လူအင်အား ၁,၀၀၀ ကျော်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရပါတယ်။
ဧရာဝတီမြစ်၏ အဆုံး၊ တိုးမြစ်၏အစ မြစ်ရေတိုက်စားမှုများကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲမှာ) အလျား ပေ ၃၀၀၊ အနံ ၄၅ ပေ တာကိုယ်ထည် တိုက်စားမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နေ့စဉ် ရေများကာလမှာ ကမ်းပြိုမှုများက ဧရာဝတီတိုင်းဒေသကြီး၏ နေရာတော်တော်များများမှာ ဖြစ်ပေါ်လျက်ရှိပြီး အခုဖြစ်ပွားတဲ့ နေရာက ဆည်မြောင်းမြေသားတာနဲ့ နီးတဲ့အတွက် ကာကွယ်ခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
မအူပင်ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အုန်းက “ကျွန်တော်တို့က ဒီဧရာဝတီမြစ်အဆုံး ဒီတိုးမြစ်အစပေါ့။ မြစ်ရေများကာလမှာ ရေစီးကြောင်းက မြေသားတာတွေဘက်ကို ကပ်နေတဲ့အခါကျတော့ တာနဲ့ မြစ်ကမ်းနဲ့ နီးတဲ့အခါကျတော့ မြစ်ကမ်းကာကွယ်တဲ့ နည်းစနစ်ရယ်၊ အဓိကကတော့ တာကို ကာကွယ်ချင်တာပေါ့။ ရေများကာလမှာ ကာကွယ်တဲ့အခါကျတော့ ရှေ့မှာ Floating Structure နဲ့ ကာကွယ်တာပေါ့နော်။ အဲဒါကတော့ ကျွန်တော်တို့ ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နှစ်စဉ်တော့ ဒီရေများကာလမှာတော့ ကမ်းပြိုမှုကတော့ နေရာတော်တော်များများမှာတော့ ဧရာဝတီတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ အခု ဒီနေရာကတော့ ဆည်မြောင်းမြေသားတာနဲ့ နီးတဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ ဂရုစိုက်ပြီး ကာကွယ်ရတဲ့ အပိုင်းဖြစ်ပါတယ်။ အရေးပေါ်ကာကွယ်တဲ့ လုပ်ငန်းတွေ ဟို ဆောင်ရွက်နေပါတယ်။ အဲ တာက သုံးပုံနှစ်ပုံလောက် ပဲ့သွားသော်ငြားလည်းပဲ ကျွန်တော်တို့က နောက်ကနေပြီးတော့ ဝါးတန်း တန်းရိုက်ပြီးတော့၊ သဲအိတ်ဖြည့်ပြီးတော့ ဒီယာယီ ကာကွယ်တဲ့ အစီအမံကို ကျွန်တော်တို့ ဆောင်ရွက်နေတယ်။ ဒါပြီးတော့မယ့် အနေအထားလည်း ဖြစ်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး”လို့ နိုင်ငံပိုင်မီဒီယာသို့ ပြောကြားထားပါတယ်။
ညောင်တုန်းကျွန်းတာအတွင်းမှာ အဓိကအားဖြင့် ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပြီး ငါးကန်ဧက ၉၀,၀၀၀ ကျော်ရှိကာ ယခုတာသာ ပြိုကျသွားပါက ငါးကန်များအားလုံး ဆုံးရှုံးမှာဖြစ်ကြောင်း၊ လက်ရှိတွင် ငါးကန် ၁ ဧကကို သိန်း ၆၀၊ သိန်း ၇၀ စီ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး လုပ်ငန်းရှင်များ ဆုံးရှုံးမှုတွေ အများကြီးဖြစ်နိုင်တာကြောင့် လုပ်ငန်းရှင်ဘက်ကလည်း ဌာနနဲ့ပေါင်းပြီးတော့ တတ်နိုင်သလောက် ကူညီဆောင်ရွက်နေကြကြောင်းလည်း ဒေသခံ လုပ်ငန်းရှင်များက ပြောကြားထားပါတယ်။
Photos- MRTV






