[latest_news_marquee]

ယာယီရပ်နားထားတဲ့ ပြင်ဦးလွင်-ဂုတ်ထိပ် ရထားခရီးစဉ်ကို စက်တင်ဘာ ၅ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့ရတဲ့ ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စက်တင်ဘာ ၅ ရက်နေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါ ရထားခရီးစဉ်ဟာ နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်း ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ယာယီရပ်နားထားခဲ့ရာက လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများမှ ဩဂုတ် ၃၁ ရက်နေ့ က ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ ပြင်ဦးလွင်-ဂုတ်ထိပ် ရထားလမ်းပိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ နောင်ချိုနှင့် ဂုတ်ထိပ်ဘူတာအကြား တံတားအမှတ် ၂၃၂ အနီးတွင် တောင်ကျရေများကြောင့် သံလမ်းပေါ် ရေကျော်မှု ထပ်မံမဖြစ်ပွားစေရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေမြောင်းများ စနစ်တကျ ပြုလုပ်ထားရန်၊ သမိုင်းဝင် ဂုတ်ထိပ်တံတားအား ကြံ့ခိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် ဆေးသုတ်ပြုပြင်ထားမှုများ၊ တံတားတိုင်အောက်ခြေပတ်လည် ခြံစည်းရိုးကာရံထားမှုများကိုလည်း စနစ်တကျ ထိန်းသိမ်းရန်၊ တံတားကြမ်းခင်းပေါ် ရေတင်နေမှုမရှိစေရေး ရေထွက်ပေါက်များ ပြုလုပ်ရန်နှင့် ဆွေးမြည့်နေသည့် တံတားဇလီဖားများကို လဲလှယ်ရန် မှာကြားခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်-ဂုတ်ထိပ် ရှုခင်းကြည့် RBE ရထားခရီးစဉ်သည် ခရီးသွားများအကြား စိတ်ဝင်စားမှုများပြားသည့် ခရီးစဉ်တစ်ခုဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ရထား ပြေးဆွဲပေးနေတာဖြစ်ကာ လမ်းခရီးမှာ ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်နဲ့ နောင်ချိုဘူတာတွေမှာ ရပ်တန့်ပေးမှာဖြစ်ပြီး ခရီးသည် ၄၀ ဦး လိုက်ပါစီးနင်းနိုင်တယ်လို့ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News