ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို ဘက်ထရီရထားစက်ခေါင်း (BEL -Battery Electric Locomotive) ဖြင့် ယခု စက်တင်ဘာလမှ စတင်၍ ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။
အဆိုပါ ခရီးစဉ်ကို ရထားစီးခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ ပြေးဆွဲပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
“တကယ်လို့များ ကျောင်းသား၊ ကျောင်းသူတွေ ပိုပြီးစီးနင်းလာရင် မြန်မာ့မီးရထားအနေနဲ့ ထပ်မံတိုးချဲ့ပြေးဆွဲပေးမှာပါ။ လက်ရှိလည်း တွဲဆိုင်း ၂ ဆိုင်းနဲ့ အသွားအပြန် ၁၂ ခေါက် ပြေးဆွဲမှာဖြစ်ပါတယ်။ ဘက်ထရီစက်ခေါင်းနဲ့ ပြေးဆွဲပေးရာမှာ အတွဲ ၆ တွဲပါပြီး တစ်တွဲမှာ ခရီးသည် ၆၂ ဦးနဲ့ ကျောင်းသား၊ ကျောင်းသူ ၄၀၀ နီးပါး လိုက်ပါစီးနင်းနိုင်ပါတယ်” လို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်တွင် ပထမ အစောဆုံး ရထားအချိန်မှာ ကျောင်းတက်ချိန် အဆင်ပြေစေရန်အတွက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ဘူတာမှ စတင် ထွက်ခွာမှာဖြစ်ကြောင်းနှင့် ဒုတိယ ရထားကို နံနက် ၇ နာရီ ၄၅ မိနစ်တွင် ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။
ခရီးစဉ်အတွက် ရထားလက်မှတ်ခနှုန်းထားကို ၅၀၀ ကျပ် သတ်မှတ်ထားကာ ရပ်တန့်မည့် ဘူတာများအနေဖြင့်လည်း ရန်ကုန်ဘူတာကြီးမှ ပုစွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ် နှင့် တိုးကြောင်းကလေး စသည့် ဘူတာများတွင် ဘူတာစဉ်အတိုင်း ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
Photo – MOI






