ပြည်ပခရီးသွားများအနက် တရုတ်နှင့် ကိုရီးယား ခရီးသွားများက မြန်မာ့ရိုးရာလက်မှုပစ္စည်းများအား စိတ်ဝင်စားမှုမြင့်တက်နေကြောင်း မြန်မာ့ရိုးရာလက်မှုပစ္စည်းအရောင်းဆိုင်များမှ သိရပါတယ်။
ပုဂံဒေသ မြင်းကပါရွာမှ ထွက်ရှိသည့် ယွန်းထည်ပစ္စည်း အမျိုးပေါင်း ၃၀ ကျော်၊ မန္တလေးနှင့် ပဲခူးမြို့မှ ထွက်ရှိသည့် သစ်သားပစ္စည်း ၅၀ ကျော်၊ ပုဂံဒေသထွက် သဲပန်းချီ၊ ယွန်းပန်းချီ၊ မန္တလေးဒေသထွက် ကျောက်စီပန်းချီနှင့် ရွှေချည်ငွေချည်ထိုး ပန်းချီကားများ စသည် မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို ပြည်ပခရီးသွားဧည့်သည်များအနက်မှ တရုတ်နှင့် ကိုရီးယားနိုင်ငံသား ခရီးသွားများက အထူးစိတ်ဝင်တစား လေ့လာဝယ်ယူကြကြောင်း ရန်ကုန်မြို့ရှိ လက်မှုပစ္စည်းအရောင်းဆိုင်များမှ သိရပါတယ်။
“မြန်မာ့လက်မှုကို မြတ်နိုးတဲ့သူတွေ ပုဂံကို တကူးတကသွားစရာမလိုဘဲ ရန်ကုန်မြို့မှာ မြန်မာ့လက်မှုပစ္စည်းတွေဝယ်နိုင်ပါပြီ။ မြန်မာ့လက်မှုပစ္စည်းတွေကို ရန်ကုန်မြို့ခံတွေလည်း အားပေးသလို နိုင်ငံခြားသားတွေလည်း လာရောက်အားပေးကြပါတယ်။ နိုင်ငံခြားသားတွေထဲမှာဆိုရင် တရုတ်နဲ့ ကိုရီးယားက မြန်မာ့လက်မှုပစ္စည်းကို ပိုပြီးဝယ်ယူ အားပေးကြပါတယ်” လို့ မြန်မာ့လက်မှုပစ္စည်း အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာ့လက်မှုပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ရန် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ဆိုင်များဖွင့်လှစ်ရောင်းချလျက်ရှိရာ အဆိုပါနေရာတွင် ရန်ကုန်မြို့ရှိ ဟိုတယ်၊ တည်းခိုခန်း၊ ကုမ္ပဏီ၊ စားသောက်ဆိုင်နှင့် နေအိမ်များတွင် အလှဆင်နိုင်ရန် ယွန်းထည်များဖြစ်သည့် မြန်မာ့စောင်း၊ ပတ္တလား၊ ယွန်းဆွမ်းအုပ်၊ ယွန်းရွှေဖလား၊ ယွန်းလက်ကောက်၊ ယွန်းဆွဲကြိုး၊ ကြယ်သီး၊ ဗီရို၊ အံဆွဲ၊ သေတ္တာ၊ ရေနွေးအိုး၊ ဝိုင်ခွက်၊ ဇီးကွက်ရုပ်၊ ရှေးရိုးရာထမင်းချိုင့်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ၊ သစ်သားပစ္စည်းများဖြစ်သည့် ကရဝိတ်ဖောင်တော်၊ ရေနွေးအိုးအစုံ၊ မြန်မာ့ဆိုင်းဝိုင်း၊ ဆေးတံ၊ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ၊ အရုပ်မျိုးစုံ၊ ပုတီးမျိုးစုံ၊ လာဘ်ကောင်မျိုးစုံနှင့် အရုပ်မျိုးစုံကိုလည်း ပြသရောင်းချလျက်ရှိကြောင်း သိရပါတယ်။
ဒီအပြင် မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်များဖြစ်သည့် မန္တလေးတောင်၊ မန္တလေးကျုံး၊ ဦးပိန်တံတား၊ စောင်းအလှနှင့် ပုဂံနန်းတွင်းသူအလှတို့ကို စတေကာရိုက်နှိပ်ထားသောအင်္ကျီများ၊ ဘော်ကြယ်များဖြင့် အလှဆင်ထားသည့် အင်္ကျီများကိုပါ ပြသရောင်းချလျက်ရှိကြောင်း သိရပါတယ်။
Photos – MOI






