[latest_news_marquee]

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေး နေ့စဉ်ပျမ်းမျှ လူနာ ၈၀ ဦး၊ တစ်လလျှင်ပျမ်းမျှ လူနာ ၂,၀၀၀ ကျော်ကို အခမဲ့ ထိုးနှံပေးနေ

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်နှင့်ပြင်ပလူနာဌာနတွင် Dog bite center ကို ဖွင့်လှစ်၍ ခွေးကိုက်ခံရသောလူနာများအား ခွေးရူးပြန်ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးလျက်ရှိရာ နေ့စဉ်ပျမ်းမျှ လူနာ ၈၀ ဦး၊ တစ်လလျှင်ပျမ်းမျှ လူနာ ၂၀၀၀ ကျော်ကို အခမဲ့ ထိုးနှံပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။

ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ၇ လတာအတွင်း လူနာ ၁၅,၀၀၀ ဦးကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ခွေးရူးပြန်ရောဂါကာကွယ်ဆေး ပြတ်လပ်မှုမရှိစေရေး အထူးစီစဉ်ဆောင်ရွက်ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ကုသပေးလျက်ရှိရာတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံရေးသည်လည်း အလွန်အရေးပါသောကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ဆေးရုံ၌ ပြတ်လပ်မှုမရှိစေရန် ထားရှိခြင်းဖြင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ဖြန့်ဖြူးပေးထားသည့် ဆေးများမကုန်မီ တစ်လကြိုတင်တွက်ချက်၍ ဆေးရုံအသီးသီးက ကုသရေးဦးစီးဌာနသို့ လစဉ်တင်ပြတောင်းခံလျက်ရှိရာ ကုသရေးဦးစီးဌာနကလည်း တင်ပြတောင်းခံမှုများကို စိစစ်၍ အချိန်မီခွဲဝေစိစစ် ထုတ်ပေးလျက်ရှိကြောင်းနှင့် အကယ်၍ ရက်ပိုင်းမျှ ခွဲဝေစိစစ်မှုနောက်ကျပါကလည်း ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံအချင်းချင်း ညှိနှိုင်းမျှဝေတောင်းခံ၍ ခွေးကိုက်ခံရသော လူနာများကို အခမဲ့ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံရာတွင် Anti-Rabies Vaccine (ARV) နှင့်  Rabies Immune Globulin (RIG) ဟူ၍ နှစ်မျိုးရှိပြီး ARV ကို ခွေးကိုက်ခံရသော သာမန်ဒဏ်ရာရ လူနာများကိုလည်းကောင်း၊ RIG ဆေးကို ဒဏ်ရာများသော လူနာနှင့် ခွေးရူးပြန်ရောဂါ သံသယရှိသောခွေး ကိုက်ခံရသည့် လူနာများကိုလည်းကောင်း အခမဲ့ ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အဆိုပါဆေးများသည် ဈေးနှုန်းကြီးမြင့်သော်လည်း ပြည်သူလူထု၏ အကျိုးကို မျှော်ကိုးလျက် ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ယူ၍ ဝယ်ယူဖြန့်ဖြူးပေးပြီး Cold chain system (အအေးခန်းစနစ်) မပျက်စေရန် အထူးဂရုစိုက်၍ ထိန်းသိမ်းသယ်ပို့ကာ ဖြန့်ဖြူးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရပါတယ်။

ယခုအခါ ကုသရေးဦးစီးဌာန၏ ARV နှင့် RIG ဆေးခွဲတမ်းသည်လည်း တင်ပြပြီးနှစ်ပတ်အတွင်း ထပ်မံရရှိလာမည်ဖြစ်သဖြင့် ဆေးများ ပြတ်လပ်မှုမရှိဘဲ ခွေးကိုက်ခံရသော လူနာများကို ခွေးရူးပြန် ကာကွယ်ဆေးများ အခမဲ့ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် သင်္ဃန်းကျွန်းဆေးရုံကြီးအပါအဝင် ကုသရေးဦးစီးဌာနအောက်ရှိ Dog bite center ဖွင့်လှစ်ထားသော ဆေးရုံများအားလုံးတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး လုံလောက်စွာထားရှိ၍ ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိကြောင်း”တို့ကိုလည်း တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးမှ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News