[latest_news_marquee]

ဆီထွက်သီးနှံ လျာထားဧက ၉ သန်းကျော်အနက် ၄ သန်းကျော် စိုက်ပျိုးထား

၂၀၂၆-၂၀၂၇  ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးရန် ဧက ၉ သန်းကျော် လျာထားပြီး လက်ရှိတွင် ဧက ၄ သန်းကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

လက်ရှိဘဏ္ဍာနှစ်မှာ မြေပဲ၊ နှမ်း၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စုစုပေါင်း ဧက ၉ ဒသမ ၄ သန်းကျော် စိုက်ပျိုးရန်လျာထားပြီး ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်လည်း ဆီထွက်သီးနှံ ဧက ၉ သန်းခန့်စိုက်ပျိုးခဲ့ရာ ယခုနှစ်မှာတော့ တိုးမြှင့်စိုက်ပျိုးရန်လျာထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မိုးရာသီ သီးနှံစိုက်ပျိုးမှုတွင်လည်း မိုးနှမ်းသီးနှံကို ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အများဆုံး စိုက်ပျိုးထားကြောင်း၊  မိုးမြေပဲကိုလည်း ရခိုင်ပြည်နယ်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှအပ ကျန်ဒေသများမှာလည်းကောင်း၊ မိုးနေကြာကိုတော့ နေပြည်တော်၊ ကချင်၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီ တို့တွင်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်းနှင့် စုစုပေါင်းဧက ၄ သန်းကျော်စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် ဆီထွက်သီးနှံစိုက်ပျိုးမှုများအနက် နှမ်းစိုက်ပျိုးသည့် ဧရိယာသည် အမြင့်ဆုံးဖြစ်သည့်အတွက် တစ်ဧကနှမ်းအထွက်နှုန်းမြင့်မားရေး ဦးစားပေးဆောင်ရွက်နေကြောင်းနှင့်  မန္တလေးတိုင်းဒေသကြီးတွင် မိုးနှမ်းရာသီမှစ၍ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပညာရှင်များ ပါဝင်သည့် နှမ်းအထွက်နှုန်းတိုးတက်ရေးသုတေသနအဖွဲ့မှလည်း တောင်သူများ၏ စိုက်ခင်းများအထိ ကွင်းဆင်း၍ နည်းစနစ်ဆိုင်ရာ သုတေသနများကို လက်တွေ့ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News