ငှက်ပျောမျှင်မှ ထုတ်လုပ်ရရှိသည့် လူသုံးကုန်ပစ္စည်းများကို ပြည်ပဈေးကွက်သို့တင်ပို့ရန် စီစဉ်လျက်ရှိရာ ကနဦးအနေဖြင့် တရုတ်နှင့် ကိုရီးယားဈေးကွက်သို့ တင်ပို့ရန် ညှိနှိုင်းမှုများ ပြုလုပ်ထားကြောင်းသိရပါတယ်။
ငှက်ပျောပင်မှ ငှက်ပျောခိုင်ကိုခုတ်၍ ကျန်ရှိနေသော ငှက်ပျောပင်စည်များမှ အမျှင်များကိုထုတ်ယူကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူသုံးကုန်ပစ္စည်းအဖြစ် ပြန်လည်ထုတ်လုပ်သည့် စွန့်ပစ်ပစ္စည်းမှ စီးပွားရေးအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ငှက်ပျောမျှင်နဲ့ ထုတ်လုပ်ထားတဲ့ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုကို လက်မှုလုပ်ငန်းအဆင့်မှ စက်မှုလုပ်ငန်းအဆင့်သို့ ကူးပြောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် ယင်းသို့ ကူးပြောင်းနိုင်မှသာ ပြည်တွင်း၊ ပြည်ပဈေးကွက်လိုအပ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူး နိုင်မည်ဖြစ်ကြောင်း Green Banana Myanmar မှ သိရပါတယ်။
“ငှက်ပျောမျှင်နဲ့ ထုတ်လုပ်ထားတဲ့ လူသုံးကုန်ပစ္စည်းတွေဟာ လက်ရှိပြည်တွင်းဈေးကွက်မှာ လူသိများလာပြီး ဝယ်ယူမှုမြင့်တက်လာတဲ့အပြင် တရုတ်နိုင်ငံကို ပထမဦးဆုံး အစမ်းပို့ကုန်အဖြစ် တင်ပို့ထားပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံဈေးကွက်ကိုလည်း တင်ပို့နိုင်ဖို့ နမူနာပစ္စည်းတွေပေးပို့ပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်” လို့ Green Banana Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Green Banana Myanmar အနေဖြင့်လည်း ငှက်ပျောလျှော်နှင့် မြက်တို့ကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ခေါင်းအုံး၊ ဖိနပ်၊ ထီး၊ အိတ်၊ ပိုက်ဆံအိတ်၊ ဖျာ ဒီဇိုင်းမျိုးစုံနှင့် တခြား လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသလို အဆိုပါလက်မှုပစ္စည်းများကို ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် ပြည်ပပို့ကုန်ရငွေများ ရရှိမည်ဖြစ်သကဲ့သို့ အသေးစားစီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံစိုက်ပျိုးထုတ်လုပ်သူများအတွက် စီးပွားရေး အခွင့်အလမ်းကောင်းများရရှိနိုင်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
Photo – Green Banana Myanmar






