[latest_news_marquee]

DEMU ရထားနှင့် စည်းကမ်းမဲ့ ရထားလမ်းဖြတ်သန်းယာဉ်များ တိုက်မိမှုကြောင့် ၂ ရက်ဆက်တိုက် လူ ၄ ဦးအထိ အသက်ဆုံးရှုံးခဲ့

DEMU ရထားနှင့် စည်းကမ်းမဲ့ ရထားလမ်းဖြတ်သန်းယာဉ်များ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းကြောင့် ၂ ရက်ဆက်တိုက် လူ ၄ ဦးအထိ အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်-ပဲခူး ရထားလမ်းပိုင်း၊ ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦးဘူတာအကြားရှိ ပြွန်တန်ဆာမြို့မှ ကမာဖရုံကျေးရွာတွင် အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့် တရားမဝင် ရထားလမ်းဖြတ်ကူးနေရာတစ်ခု၌ ဖြတ်သန်းလာသည့် ထွန်စက်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ ထွန်စက်ပေါ်လိုက်ပါသူ နှစ်ဦး သေဆုံးသွားခဲ့ကြောင်းနှင့် DEMU ရထား၏ ရှေ့ပိုင်းတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကာ ထွန်စက်မှာလည်း နှစ်ပိုင်းပြတ်၍ ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ရန်ကုန်မှ နံနက် ၇ နာရီတွင်ထွက်ခွာသည့် အမှတ် ၅ အဆန် ဂျပန် DEMU အမြန်ရထားသည်လည်း ရုတ်တရတ်ဖြတ်ကူးသည့် ဘေးတွဲဆိုင်ကယ်ဖြင့် တိုက်မိပြီး ဘေးတွဲမောင်းနှင်လာသည့် ဘုန်းကြီးတစ်ပါးနှင့် လိုက်ပါသည့် ကိုရင်တစ်ပါးတို့ ပျံလွန်တော်မူခဲ့ကြောင်းနှင့် ဘေးတွဲနှင့်တိုက်မိသည့် အမှတ် ၅ အဆန် ဂျပန် DEMU အမြန်ရထားမှာ ထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး ဘေးတွဲမှာ ကြေမွပျက်စီးခဲ့ကြောင်း သိရပါတယ်။

ထိုသို့ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ရထားလမ်းဖြတ်ကူးရာတွင် သတ်မှတ်စည်းကမ်းများကို လိုက်နာကြရန် ပိုမိုလိုအပ်နေကြောင်း အသိပညာပေး၊ သတိပေးတာတွေလုပ်ဆောင်ပေးနေတယ်လို့ မြန်မာ့မီးရထားရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Photos – U Zaw Moe Aye

(source; မြန်မာ့မီးရထား)

Your Ad Here
Ad Size: 336x280 px

More News