နိုင်ငံ၏ လူဦးရေ လိုအပ်ချက်နှင့်အညီ အစားအစာဖူလုံရေးအတွက် မွေးမြူရေးကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေတဲ့အတွက် လက်ရှိ အခြေအနေထက် ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအပြင် ထုတ်လုပ်မှု တိုးတက်လာသည့်အခါ ပိုလျှံထုတ်ကုန်များကို ပြည်ပဈေးကွက်အထိ တင်ပို့နိုင်ရေးကိုပါ ရည်မှန်းဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC-1) ၌ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ‘လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့’ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား၌ ပြောကြားခဲ့ပါတယ်။
ထို့အပြင် လယ်ယာကဏ္ဍဟူသည်မှာ စိုက်ပျိုးရေးတစ်ခုတည်းမဟုတ်ဘဲ မွေးမြူရေးကဏ္ဍနှင့်လည်း ပေါင်းစပ်စဉ်းစားရမည်ဖြစ်ကြောင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ မွေးမြူရေးနည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို တိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်တယ်လိုလည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်၊ အရေအတွက်အားဖြင့် ၁၅ သန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြပြီး တစ်နေ့ကို လူတစ်ဦးလျှင် ကြက်ဥတစ်လုံးနှုန်း စားသုံးမည်ဆိုပါက တစ်နေ့ကို ကြက်ဥ အလုံးရေ ၁၅ သန်းလိုအပ်မှာ ဖြစ်ကြောင်း၊ ထို့ကြောင့် နေ့စဉ် ကြက်ဥ ၁၅ သန်း ထုတ်လုပ်ပေးနိုင်ဖို့ ဥပေးနိုင်တဲ့ ကြက်ကောင်ရေ သန်း ၂၀ ခန့် လိုအပ်မှာ ဖြစ်ကြောင်း၊ အလားတူ ကြက်သား စားသုံးမှုကို ကြည့်မယ်ဆိုပါက လူတစ်ဦးလျှင် တစ်နေ့ ၅ ကျပ်သားနှုန်းနဲ့ တွက်ချက်မည်ဆိုပါက စုစုပေါင်း ကြက်သား ပိဿာချိန် ၈ သိန်းခန့် လိုအပ်မည်ဖြစ်ကြောင်းနှင့် ကြက်တစ်ကောင်ရဲ့ အသားထွက်ရှိမှုကို ပျမ်းမျှ ၁ ပိဿာနှုန်းဖြင့် တွက်ချက်မည်ဆိုပါက နေ့စဉ်စားသုံးမှုအတွက် အသားတိုးကြက် စုစုပေါင်းအကောင်ရေ ၈ သိန်းခန့် လိုအပ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ထို့အတူ ဝက်သားစားသုံးမှုတွင်လည်း လူတစ်ဦးလျှင် တစ်နေ့ ၅ ကျပ်သားနှုန်းဖြင့် တွက်ချက်မည်ဆိုပါက စုစုပေါင်း ဝက်သား ပိဿာချိန် ၈ သိန်းလိုအပ်မည်ဖြစ်ကြောင်း၊ ဝက်တစ်ကောင်ကို ပျမ်းမျှ ၅၀ ပိဿာနှုန်းဖြင့် တွက်ချက်မည်ဆိုပါက နေ့စဉ်စားသုံးမှုအတွက် ဝက်အကောင်ရေ ၁၅၆၈၂ လိုအပ်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Photos – MOI






