[latest_news_marquee]

ကြက်သွန်နီဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေ၊ မိုးကြက်သွန်အသစ် ဝင်လာလျှင် ဈေးနှုန်းတွေ ပြန်လည်ကျဆင်းနိုင်ဟု ကုန်သည်များခန့်မှန်း

ပြည်တွင်းဈေးကွက်ထဲမှာ ဩဂုတ်လကတည်းက မြင့်တက်နေခဲ့တဲ့ ကြက်သွန်နီ ဈေးနှုန်းတွေဟာ လက်ရှိအချိန်ထိပြန်လည် ကျဆင်းလာတာမရှိဘဲ ဆက်တိုက်မြင့်တက်နေပြီး မိုးကြက်သွန်အသစ် ဝင်လာမှသာ ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာနိုင်ကြောင်း ကြက်သွန်နီ ကုန်သည်များထံမှ သိရပါတယ်။

လက်ရှိမှာ ကြက်သွန်နီ အဓိကစိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီး ၃ ခု မှာ ကြက်သွန်နီ လက်ကျန်များ လျော့နည်းလာကာ ရန်ကုန်သို့ ကုန်အဝင်ကလည်း နည်းပါးလာသည့်အတွက်ကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်ဈေးကွက်တွင် တစ်ရက်လျှင် ကြက်သွန်နီ လိုအပ်ချက်အနေဖြင့် ပျမ်းမျှ ပိဿာချိန် တစ်သိန်းခွဲ ဝန်းကျင်ရှိနေပြီး ကုန်အဝင်အနေဖြင့်တော့ တစ်ရက်လျှင် ပိဿာချိန် ၁ သိန်းကျော်လောက်သာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေးနှုန်းများအရ ဆိပ်ဖြူကြက်သွန်နီက လက်ကားတစ်ပိဿာကို ကျပ် ၇၅၀၀ မှ ကျပ် ၉၂၀၀ ဝန်းကျင် ၊ မုံရွာကြက်သွန်နီက လက်ကားတစ်ပိဿာကို ကျပ် ၇၇၀၀ မှ ကျပ် ၉၄၀၀ ဝန်းကျင်ဖြင့် ဈေးဖွင့်ထားကြောင်း၊ လက်လီဈေးအနေဖြင့်တော့ ကြက်သွန်နီ အမျိုးအစားနဲ့ အရွယ်အစားအပေါ် မူတည်ပြီး တစ်ပိဿာကို ကျပ် ၉၀၀၀ ဝန်းကျင်မှ ကျပ် ၁၁,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရပါတယ်။

မိုးကြက်သွန်နီကို ဇွန်လမှ စက်တင်ဘာလအတွင်း ဥစိုက်စနစ်ဖြင့် စိုက်ပျိုးကြပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရိတ်သိမ်းလေ့ရှိကြတယ်လို့ သိရပါတယ်။ 

Photo – CJ

Your Ad Here
Ad Size: 336x280 px

More News