ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းနှင့် Online စနစ်ဖြင့် “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးခြင်းအား ဆောင်ရွက်ပေးသွားမယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)မှ သိရပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ နေပြည်တော်ရုံးနှင့် ရန်ကုန်အရှေ့ပိုင်း ၊ ရန်ကုန်အနောက်ပိုင်း ၊ ရန်ကုန်တောင်ပိုင်း နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်ရုံးများ၊ မန္တလေးတောင်ပိုင်း နှင့် မြောက်ပိုင်း ခရိုင်ရုံးများတွင် ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းနှင့် Online စနစ်ဖြင့် “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအား သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းအား လာမယ့် ဇူလိုင် ၁၇ ရက်မှစတင်၍ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို Online မှ ဝန်ဆောင်မှုရယူလိုသူများသည် မိမိတို့၏ Mobile Phone/Tablet ကို အသုံးပြု၍ MM Driver License E-Payment Mobile Application အား Google Play Store မှတစ်ဆင့် download ရယူသုံးစွဲနိုင်ကြောင်းလည်း အသိပေးကြေညာထားပါတယ်။
အဆိုပါ စနစ်နှင့်ပတ်သက်၍ အသုံးပြုရန် အသေးစိတ်အချက်အလက်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ရဲ့ Website များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မရှင်းလင်းသည်များရှိပါက နေပြည်တော်ရုံးချုပ်၊ နေပြည်တော်ရုံး အပါအဝင် တိုင်းဒေသကြီးရုံး များဖြစ်တဲ့ ရန်ကုန် နှင့် မန္တလေး ရုံးများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။
Photo- MOI






