ပဲခူးတိုင်းဒေသကြီး ဖြူးချောင်းရေလှောင်တမံ၏ ရေအားလျှပ်စစ်စက်ရုံမှ တစ်ရက်လျှင် ၆၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိပြီး မိုးရာသီ၌ ရေဝင်ရောက်မှုပြည့်မီပါက ၈၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ကြောင်း အဆိုပါ စက်ရုံမှ သိရပါတယ်။
ဖြူးချောင်းရေလှောင်တမံဓာတ်အားပေးစက်ရုံမှ တာဝန်ရှိသူတစ်ဦးက “ရေပြည့်ဖို့ ၁၅ ပေကျော် လိုပါသေးတယ်။ ရရှိတဲ့လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားလိုင်းထဲကို ဖြည့်ဆည်းပေးနေတဲ့ ရေလှောင်တမံတစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန်ဒီအချိန်ဆိုရင် ရေအားလျှပ်စစ် ၄၅၀ မဂ္ဂါဝပ် ထုတ်လုပ်ရာကနေ ရေဝင်ရောက်မှုကောင်းလာ တဲ့အတွက် တစ်ရက်ကို ၆၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးနေပါတယ်။ ရာသီမပြတ်လျှပ်စစ်ထုတ်ပေးနေပြီး ကန်ရေပြည့်ရင် ၈၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်တဲ့ ရေလှောင်တမံလည်းဖြစ်ပါတယ်”လို့ နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးအတွင်း ပြောကြားထားပါတယ်။
ဖြူးချောင်းရေလှောင်တမံဓာတ်အားပေးစက်ရုံသည် အလျားပေ ၁၃၀၊ အနံပေ ၁၁၀ နှင့် အမြင့်ပေ ၁၁၀ ရှိပြီး တာဘိုင်သည် Francis – Vertical Shaft အမျိုးအစားဖြစ်ပြီး တာဘိုင်မှ ၂၀၃၁ ဒသမ ၆၅ ကုဗပေ(တစ်စက္ကန့်)ရေစီးနှုန်းထုတ်ပေးကာ ၂၀ မဂ္ဂါဝပ်နှစ်လုံးဖြင့် နှစ်စဉ်ပျမ်းမျှဓာတ်အား ၁၂၀ သန်း ကီလိုဝပ်နာရီထုတ်လုပ်ပေးလျက်ရှိရာ ရရှိသောဓာတ်အားကို ၂၃၀ ကေဗွီ တောင်ငူဓာတ်အားလိုင်း မှ နိုင်ငံတော်ဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးနေတယ်လို့ သိရပါတယ်။
မိုးရာသီ၌ ရေလှောင်တမံအတွင်းသို့ ရေမပြတ်ဝင်ရောက်လျက်ရှိကာ နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၁၀၀ လက်မ ရရှိသောဒေသဖြစ်၍ တမံအတွင်းသို့ ပျမ်းမျှ ၆၆၈၀၀၀ ဧကပေ ရေစီးဝင်မှုဖြင့် ၆၃,၂၅၃၀ ဧကပေ ရေသိုလှောင်နိုင်ပြီး ရေဆင်းဧရိယာ ၄၂၂ စတုရန်းမိုင်ရှိသလို ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်၍ ရေလှောင်တမံ၏ အလျား သည် ၁၀၂၀ ပေရှိကာ ၂၄၅ ပေ မြင့်တယ်လို့လည်း သိရပါတယ်။
ရေလှောင်တမံသည် အလယ်ရိုးမမှ စီးဆင်းလာသောရေများကို သိုလှောင်ထိန်းညှိပေးပြီး ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကိုလည်း အထောက်အပံ့ပြုသည့်အပြင် စစ်တောင်းမြစ်ဝှမ်း ရေလွှမ်းမိုးမှု ကာကွယ်ပေးပြီး ဖြူးနှင့် ဇေယျဝတီမြို့မှ တောင်သူများလိုအပ်သည့် နွေရာသီစိုက်ပျိုးရေလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနေကြောင်း သိရပါတယ်။
ဖြူးချောင်းရေလှောင်တမံ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဩဂုတ်လ၌ ရာနှုန်းပြည့်ပြီးစီးခဲ့ရာ ဩဂုတ်လ ၂၉ ရက်မှစ၍ ၂၀ မဂ္ဂါဝပ်စက်နှစ်လုံးဖြင့် လျှပ်စစ် ဓာတ်အား ထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဖြူးချောင်းရေလှောင်တမံရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ, ပဲခူးတိုင်းဒေသကြီး,
Photos- MWD






