AFC Women’s Champions League အုပ်စု (A) ပြိုင်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းဟာ လက်ရှိ ချန်ပီယံ မြောက်ကိုရီးယားကလပ် Naegohyang Women’s FC အသင်းပါဝင်သည့် အုပ်စု (A) ၌ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ဦးစီးကျင်းပမည့် AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC House ၌ ကျင်းပခဲ့ရာ အဆိုပါမဲခွဲပွဲရလဒ်အရ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အုပ်စု (A) တွင် လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် Naegohyang Women’s FC၊ ဂျပန်ထိပ်သီးကလပ် INAC Kobe Leonessa အသင်းနှင့် အီရန်ကလပ် Bam Khatoon FC တို့ ပါဝင်နေသဖြင့် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းရဲ့ ပွဲစဉ်များဟာ ပြိုင်ဆိုင်မှု ပြင်းထန်မယ်လို့ သိရပါတယ်။
ယခုနှစ် ပြိုင်ပွဲတွင် အာရှဒေသတွင်းမှ ထိပ်သီး ၁၂ သင်း ပါဝင်ကာ အုပ်စု ၃ စု ခွဲခြား ကျင်းပမှာဖြစ်ပြီး အုပ်စုအဆင့် ပွဲစဉ်များကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းနှင့် အကောင်းဆုံး တတိယရရှိသည့် ၂ သင်း ၊ စုစုပေါင်း ၈ သင်းဟာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မှာ ဖြစ်သလို နောက်တစ်ဆင့်အတွက် မဲခွဲပွဲကို ဒီဇင်ဘာလတွင် ကျင်းပမယ်လို့ သိရပါတယ်။
ထို့အပြင် ကွာတားဖိုင်နယ် ပွဲစဉ်များကို လာမည့် ၂၀၂၇ ခုနှစ် မတ်လအတွင်း ယှဉ်ပြိုင်ကစားကြမှာဖြစ်ကာ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များကိုမူ မေလအတွင်း ကျင်းပသွားမယ်လို့လည်း သိရပါတယ်။
ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းဟာ AFC Women’s Champions League အတွက် ခြေစစ်ပွဲများကိုလည်း အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး စင်ကာပူကလပ် ဂျုရောင်းအသင်း၊ လက်ဘနွန်ကလပ် No Limits အသင်း နှင့် တရုတ်တိုင်ပေကလပ် နယူးတိုင်ပေစီးတီးအသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရာ တွင် ၃ ပွဲလုံး ပေးဂိုးလုံးဝ မရှိခဲ့ဘဲ အနိုင်ရရှိကာ ခြေစစ်ပွဲကို အောင်မြင်ခဲ့တာဖြစ်ပါတယ်။
AFCWomensChampionsLeague, ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်း,
Photos- MFF






