[latest_news_marquee]

အားကောင်းသောမုန်တိုင်းငယ် အရှိန်ကြောင့်  နိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာပြီး ဧရာဝတီ၊ တနင်္သာရီနှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာပြီး ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးလေဝနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နေ့လည်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ယနေ့ စက်တင်ဘာ ၂၃ ရက် မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu) ၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၅၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၇၅ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်ဘက် ရေမိုင် ၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလမှ ဆိုထားပါတယ်။

သို့သော် ယင်းမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၃ ရက် နေ့လယ်မှ စက်တင်ဘာ ၂၅ ရက်နေ့ အတွင်း ကချင်၊ ကယားနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ ချင်း၊ မွန် နှင့် ရခိုင် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။

မိုးဇလပညာရှင် ဦးဝင်းနိုင်က “စက်တင်ဘာ ၂၅ ရက်မှစ၍ မိုးအရှိန် ပြန်လည်မြင့်တက်လာပြီး စက်တင်ဘာ ၂၆ မှ ၂၈ ရက်နေ့များအတွင်း မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်၊ ပဲခူး၊ ရန်ကုန်နှင့် ကရင်၊ မွန်၊ တနင်္သာရီ ဒေသများတွင် မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာပါမယ်။ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း/အရှေ့ပိုင်း/အနောက်ပိုင်း) တို့မှာ စက်တင်ဘာ ၂၆ မှ ၂၈ ရက်အတွင်း မုတ်သုံလေပြင်းနှင့် လေပွေလှိုင်း ပေါင်းစပ်မှုကြောင့် နေရာကွက်ကျား မိုးကြီးခြင်းနှင့် ရေနုတ်မြောင်း မကောင်းမွန်သော အနိမ့်ပိုင်းမြို့နယ်များ၌ မြို့ပြ ရေဝပ်ရေလျှံမှုများ ဖြစ်ပေါ်နိုင်ပါတယ်”လို့ သုံးသပ်ပြောကြားထားပါတယ်။

ထို့အတူ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ်တို့မှာ စက်တင်ဘာ ၂၅ မှ ၂၈ ရက်များအတွင်း မုတ်သုံလေ အဟုန်ပြင်းထန်လာမည်ဖြစ်ရာ ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့အတွင်း လှိုင်းကြီးမည် ဖြစ်ပြီး တောင်တန်းဒေသများနှင့် ကမ်းရိုးတန်းတစ်လျှောက် ချောင်းရေ ရုတ်တရက် မြင့်တက်လာခြင်း၊ တောင်ကျရေဆင်းခြင်း၊ တောင်ပြို/မြေပြိုခြင်းများ သတိပြုပါရန် ဦးဝင်းနိုင်က အသိပေး နှိုးဆော်ထားပါတယ်။

အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလမှ အသိပေးနှိုးဆော်ထားပါတယ်။

Photo- မိုးဇလ

Your Ad Here
Ad Size: 336x280 px

More News