မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) မှ လာမယ့် ဇူလိုင် ၁၈ ရက်မှစ၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း) တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ပျံသန်းပြေးဆွဲပေးသွားမယ်လို့ အဆိုပါ လေကြောင်းလိုင်းမှ သိရပါတယ်။
MAI အနေဖြင့် ခရီးစဉ်များအဖြစ် ရန်ကုန်-ပြင်ဦးလွင် (အနီးစခန်း)၊ ပြင်ဦးလွင်-တာချီလိတ်၊ တာချီလိတ်- ရန်ကုန် ခရီးစဉ်များကို ပြေးဆွဲသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အနီးစခန်းလေဆိပ်သစ် ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး လေဆိပ် ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက်သာမက ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက်ပါ အရေးပါသည့် ကြိုးပမ်းဆောင်ရွက်မှု မှတ်တိုင်တစ်ခုလည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ လေဆိပ်ဖွင့်လှစ်သည့်နေ့မှစ၍ ပြည်တွင်း လေကြောင်းလိုင်း (၄)လိုင်းဖြစ်တဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့က အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ နေ့များတွင် ပုံမှန်ပျံသန်းပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။
Photo- MAI






