၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲများဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ တရားမဝင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲသူ စုစုပေါင်း ၉၅ ဦးကို ဖော်ထုတ်အရေးယူခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၇) ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၂) ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် (၂၁) ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၁၇) ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၃၂) ဦး၊ ကချင်ပြည်နယ်တွင် (၁) ဦး၊ မွန်ပြည်နယ်တွင် (၂) ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၃) ဦး၊ စုစုပေါင်း (၉၅) ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး ဌာနမှသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ မီတာဖြုတ်သိမ်းခြင်း၊ လျော်ကြေးငွေ အပြည့်အဝတောင်းခံခြင်းနှင့် အချို့ကို ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့အပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့် စစ်ဆေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင်လည်း မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ အကွက်အမှတ် (၃၂/၃၇)ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင် သုံးစွဲနေသော မီတာအမှတ်(YN-17431) ၌ Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီတာကို ဖြုတ်ယူ၍ Test Lab ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ မီတာအား ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စက်ရုံအား ချက်ချင်းပိတ်သိမ်းခဲ့ပြီး နိုင်ငံတော်အနေဖြင့် နစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ် ၂၃ ဒသမ ၃၆ သန်းအတွက် ကျသင့်လျော်ကြေးငွေ ကျပ် ၁၇ ဒသမ ၁၈၄ ဘီလီယံအား ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေနှင့်အညီ မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Control Center များတွင် နည်းပညာအဆင့်မြှင့်တင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့်အတွက် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမို၍ ဖော်ထုတ်လာနိုင် သည်နှင့်အမျှ လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ပြည်သူများသို့ ပိုမို၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိတယ်လို့ လည်း သိရပါတယ်။
လျှပ်စစ်, တရားမဝင်သုံးစွဲမှု,
Photos- MDN






