လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများအား အဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးဖော်ထုတ်ခဲ့ရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း စုစုပေါင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှုအရေအတွက် ၃၄၀ ခုမှ ယူနစ် စုစုပေါင်း ၇ ဒသမ ၇ သန်း ကျော် အလွဲသုံးစား ပြုလုပ်ခဲ့မှုများကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါ အလွဲသုံးစားပြုမှုများကြောင့် နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့မှု အတွက်လည်း လျော်ကြေးနှင့် ဒဏ်ကြေးငွေ ကျပ် ၆,၇၄၅ သန်းကျော် ပြန်လည်ကောက်ခံခဲ့ပြီး ယင်းပြစ်မှုများကို ကျူးလွန်ခဲ့ကြသည့် မီတာပိုင်ရှင်များနှင့် လုပ်ငန်းရှင်များကိုလည်း လျှပ်စစ်ဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကာ ပါဝင်ပတ်သက်သည့် တာဝန်ရှိဝန်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့် စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့ ကွင်းဆင်းစစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျမှန်ကန်သောသတင်းပေး တိုင်ကြားချက်များအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အားလေလွင့်ပျောက်ဆုံးမှုများ ပျောက်ကွယ်စေရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ထို့အတူ ယင်းကဲ့သို့ ဓာတ်အား ခိုးယူသုံးစွဲမှုများ ဖော်ထုတ်နိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးထုတ်ပြန်ထားပြီး ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင် ရွက်နေသည့်နည်းတူ မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ ပျောက်ကွယ်စေရေးအတွက်လည်း အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိတယ်လို့ ဝန်ကြီးဌာနမှ ထုတ်ပြန် ထားပါတယ်။
Photos- MDN






