နေရောင်ခြည်စွမ်းအင်ဟာ မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သဘာဝပေးအရင်းအမြစ်ကြွယ်ဝခြင်း၊ အခြားသော ဓာတ်အားပေးစနစ်များနှင့် နှိုင်းယှဉ်ပါက စီမံကိန်းကာလ တိုတောင်းခြင်းတို့ကြောင့် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ မိမိတို့အစီအစဉ်ဖြင့် Solar Home System စနစ်အား တပ်ဆင်အသုံးပြုနိုင်ရေး နည်းလမ်းနှစ်ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားထားပါတယ်။
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အခုလိုထည့်သွင်းပြော ကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိ တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ယခုပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဝိုင်းဝန်းအကြံပြု၊ ဆွေးနွေး၊ အဖြေရှာခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများနှင့် စီမံကိန်းများသည် လျင်မြန်စွာအကောင်အထည် ပေါ်လာမှာဖြစ်ပြီး ဆိုလာဓာတ်အားပေးစနစ်အား စွမ်းရည်မြင့်မားစွာနှင့် ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုအပ်တယ်လို့လည်း ၎င်းက အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားရန်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အလွန်အရေးကြီးပြီး နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များအပေါ်တွင် အဓိကမှီခိုအားထားနေရကာ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတွင် စိန်ခေါ်မှုများရှိနေသကဲ့သို့ ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများသည်လည်း မိမိတို့၏ စွမ်းအင်လုံခြုံရေးအတွက် ရေရှည်တွင် စဉ်းစားစရာဖြစ်လာတာကြောင့် ပြည်တွင်းရှိလျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး နိုင်ငံတော်အတွက် သင့်လျော်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Generation Mix)ကို သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် တွက်ချက်စီမံလျက်ရှိတယ်လို့လည်း ဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဦးကိုကိုလှိုင် ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ပညာရှင်များ၊ အခြားဌာန ဆိုင်ရာများမှ ဝန်ထမ်းများ၊ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သီးခြားဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူစုစုပေါင်း ၄၇၅ ဦး တက်ရောက်ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo- MOI






