MAI မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အသွား/အပြန် ပြေးဆွဲပျံသန်းနေသော အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အကြောင်းမကြားမီအထိ ယာယီရပ်ဆိုင်းထားမယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားပါတယ်။
ယခုကာလအတွင်း MAI နှင့် Mingalar တို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အသွား/အပြန် ပျံသန်းပြေးဆွဲရန် စီစဉ်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ်များအားလုံးသည် ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့ ပြောင်းလဲပြေးဆွဲသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်ကျင်နေရာများသို့ FPV Suicide Drone (၆) စင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကို လေကြောင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေး စနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား Drone ရန်ကာကွယ်ရေးအစီအမံများဖြင့် ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခု ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်တွင် လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
MAI, မန္တလေးလေဆိပ်, လေယာဉ်ခရီးစဉ်များယာယီရပ်နား,
Photo- MAI






