ရန်ကုန်မြို့ရှိ အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့တွင် ဆက်သွယ်ရေးကြိုးများ ရှင်းလင်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
ရန်ကုန်မြို့တွင်း လမ်းမကြီးများပေါ်ရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ရှင်းလင်းသည့် လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၁၅) ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် သည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ အလုံလမ်းနှင့် ဗဟိုလမ်းထောင့် နှင့် ရွှေတိဂုံဘုရားလမ်းတို့တွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျ ရှင်းလင်းဆောင်ရွက်နေမှု လုပ်ငန်းစဉ်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများကို ဖြေရှင်းရန်အတွက် ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲရမယ်လို့ ကုန်ခဲ့တဲ့ မေလအတွင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားထားပြီး ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှုပ်ထွေးဆက်သွယ်ရေးကြိုးများ ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ၎င်းကြိုးများကို မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်နိုင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ ဆက်လက်ဆောင်ရွက်မယ့် အစီအမံများကို ဆွေးနွေးခဲ့တယ်လို့လည်း တိုင်းအစိုးရအဖွဲ့မှ သိရပါတယ်။
Photos- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့






