[latest_news_marquee]

ဘယ်လာရုစ်နိုင်ငံက ချေးယူမယ့် ပို့ကုန်ချေးငွေကိစ္စ လွှတ်တော်သို့ တင်ပြ 

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘယ်လာရုစ်သမ္မတနိုင်ငံ DBRB နှင့် Belinvestbank JSC တို့မှ ပို့ကုန်ချေးငွေရယူရေး ကိစ္စကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး ချေးငွေသက်တမ်းမှာ (၁)နှစ်မှ (၅)နှစ်အထိ ဖြစ်ပါတယ်လို့လည်း သိရပါတယ်။

ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပို့ကုန်ချေးငွေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်က ပြည်ပသို့ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ တင်ပို့ရောင်းချရာ၌ ဝယ်ယူသူ/ပစ္စည်းတင်သွင်းသူအနေဖြင့် ကျသင့်ငွေပေးချေရာတွင် ဘဏ်မှချေးငွေရယူ၍ ပေးချေခြင်းဖြစ်ကြောင်း၊ ယခု ပို့ကုန်ချေးငွေမှာ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၊ ခေတ်မီစက်ပစ္စည်းကိရိယာများ၊ နည်းပညာနှင့် ဝန်ဆောင်မှု များကို မြန်မာနိုင်ငံမှ အစိုးရဌာန/ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းများက ဝယ်ယူရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ဘဏ်တစ်ခုခုမှ ချေးငွေရယူ၍ ပစ္စည်းဖိုးပေးချေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်က ဘယ်လာရုစ် သမ္မတနိုင်ငံမှဖြစ်ပြီး သွင်းကုန်လုပ်ငန်းရှင်က မြန်မာနိုင်ငံမှ ဖြစ်ကြောင်းလည်း လွှတ်တော်သို့ရှင်းလင်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဘယ်လာရုစ်သမ္မတနိုင်ငံ၏ ပို့ကုန်ချေးငွေဖြင့် ဝယ်ယူနိုင်မည့် ပို့ကုန်ပစ္စည်းအမျိုးအစားများမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ပစ္စည်းများ၊ ကြားခံကုန်စည်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အခြားကုန် ပစ္စည်းများဖြစ်ပြီး ပို့ကုန်ချေးငွေရယူရန်အတွက် ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလသည် အများဆုံး(၁)နှစ်ဖြစ်ကြောင်း၊ ချေးငွေအား ရုရှားရူဘယ်(RUB) သို့မဟုတ် ဘယ်လာရုစ် ရူဘယ် (BYN) သို့မဟုတ် တရုတ်ယွမ်(CNY) သို့မဟုတ် အမေရိကန်ဒေါ်လာ (USD) သို့မဟုတ် ယူရို (EUR)စသည့် ငွေကြေးအမျိုးအစား (၅) မျိုးဖြင့် ရယူနိုင်ကြောင်း၊ အတိုးနှုန်းကို ချေးငွေရယူမည့် ငွေကြေး အမျိုးအစားနှင့် ပို့ကုန်ပစ္စည်းအုပ်စု အပေါ်မူတည်၍ သတ်မှတ်ထားပြီးဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ချေးငွေရယူမည့် ငွေကြေးအမျိုးအစားအလိုက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလရှိ အတိုးနှုန်းဖြင့် တွက်ချက်ကြည့်ပါက အတိုးနှုန်းများမှာ အနည်းဆုံး ၂ ဒသမ ၂၅ ရာခိုင်နှုန်းမှ အများဆုံး ၉ ဒသမ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး ပို့ကုန်ချေးငွေရယူရာတွင် အတိုးနှုန်းအပြင် အာမခံကြေးကိုပါ ပေးဆောင်ရမှာဖြစ်ကာ အာမခံကြေးမှာ ချေးငွေသက်တမ်း အနည်း၊ အများအပေါ်မူတည်၍ ပြောင်းလဲမှာဖြစ်သလို ချေးငွေဆိုင်ရာ မူဘောင် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီးဖြစ်ရာ လွှတ်တော်က သဘောတူပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

Photo- ပြည်ထောင်စုလွှတ်တော်

Your Ad Here
Ad Size: 336x280 px

More News