နေ့စဉ် မိုဘိုင်းဖုန်းစခရင်ကြည့်ချိန်များ မြင့်တက်လာမှုနဲ့အတူ ကမ္ဘာ့ပညာရေးကဏ္ဍမှာ စိုးရိမ်စရာကိန်းဂဏန်းတစ်ခု ထွက်ပေါ်လာပြီး ယခု ၂၁ ရာစုနှစ်အတွင်းမှာ ဆယ်ကျော်သက်တွေရဲ့ စာဖတ်စွမ်းရည်ဟာ အဆိုးရွားဆုံးနဲ့ အနိမ့်ဆုံးအဆင့်သို့ ထိုးဆင်းသွားခဲ့ရတယ်လို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ရဲ့ အစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။
OECD ရဲ့ ပညာရေးဆိုင်ရာအကဲဖြတ်မှုစနစ် စစ်ဆေးချက်အရ နိုင်ငံပေါင်း ၉၁ နိုင်ငံမှအသက် ၁၅ နှစ်အရွယ် ကျောင်းသားပေါင်း ၇၆၀,၀၀၀ ခန့်ကို စစ်ဆေးခဲ့ရာမှာ စာဖတ်စွမ်းရည်၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်ဆိုင်ရာ ရမှတ်တွေဟာ စတင်စစ်ဆေးတဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ထိုးဆင်းသွားခဲ့သလို စာဖတ်စွမ်းရည်ကျဆင်းမှုဟာ အတန်းထဲမှာ အာရုံစူးစိုက်မှုကို ထိခိုက်စေရုံတင် မကဘဲ အခြားသောဘာသာရပ် တွေကိုပါ ကူးစက်ကျဆင်းစေခဲ့တယ်လို့ ဆိုပါတယ်။
OECD ရဲ့ အကြီးအကဲဖြစ်သူ မားသီးယပ်ကော်မန်းရဲ့ ပြောဆိုချက်အရ စာဖတ်စွမ်းရည်လျော့ကျလာခြင်းဟာ ဖုန်းစခရင်ကြည့်ချိန်ပိုများလာပြီး အပန်းဖြေစာဖတ်တဲ့အလေ့အထနည်းပါးသွားခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး ကျောင်းသားတွေဟာ စာကိုစိတ်မရှည်ဘဲအမြန်ဖတ်ကာ အဖြေမှားတွေကို ချက်ချင်းအလျင်စလို ဖြေဆိုလာကြတဲ့အလေ့အထတွေ ရှိလာတာကိုတွေ့ရတယ်လို့ သိရပါတယ်။
ကမ္ဘာ့နေရာအများအပြားမှာ စာဖတ်စွမ်းရည်လျော့ကျနေသော်လည်း အရှေ့အာရှဒေသမှာတော့စာဖတ် စွမ်းရည်ကထိပ်တန်းမှာဆက်လက်ရပ် တည်နေဆဲဖြစ်ပြီး ယခု စစ်ဆေးမှုမှာပါဝင်တဲ့ တရုတ်မြို့ကြီးများ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူတို့ဟာ ထိပ်တန်းပညာရေးစနစ်ရှိတဲ့ နိုင်ငံနဲ့ဒေသတွေအဖြစ် ရပ်တည်နေကြသလို အာရှပြင်ပကနေ စာဖတ်စွမ်းရည်၊ သင်္ချာနဲ့ သိပ္ပံ ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲ ဝင်ရောက်နိုင်ခဲ့တာဆိုလို့ ဗြိတိန်နဲ့ အက်စတိုးနီးယားနိုင်ငံတို့ပဲ ရှိတယ်လို့လည်း သိရပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ ပညာရေးနယ်ပယ်မှာ နည်းပညာအသုံးပြုမှုကို စနစ်တကျကန့်သတ်ဖို့နဲ့ လူငယ်တွေ စာအုပ်စာပေ အမှန်တကယ်ဖတ်ရှုတဲ့ အလေ့အထ ပြန်ရှင်သန်လာစေဖို့အရေးတကြီး ဆောင်ရွက်ရတော့မယ် ဆိုတာကို ဒီအစီရင်ခံစာက မီးမောင်းထိုးပြနေတယ်လို့လည်း ကမ္ဘာအနှံ့အပြားက ပညာရေးဆိုင်ရာအဖွဲ့အစည်း တွေက မှတ်ချက်ပေးထားကြပါတယ်။
စာဖတ်စွမ်းရည်, ဖုန်း, တက်ဘလက်, ပညာရေး,
Photos- Internet






