ခရမ်းချဉ်သီးထဲမှာ သာမန်အားဖြင့် မမြင်နိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေပြီး အဆိုပါ ဒြပ်ပေါင်းဟာ အသည်းအဆီဖုံးရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ အကျိုးကျေးဇူးတွေပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ Tufts တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ယခင်က ခရမ်းချဉ်သီးရဲ့ အဓိကအကျိုးကျေးဇူးကို နီရဲတဲ့အရောင်ဖြစ်စေတဲ့ လိုင်ကိုပင်းဓာတ်ကြောင့်လို့ပဲ ယူဆခဲ့ကြပေမယ့် ယခုလေ့လာမှုမှာတော့ လိုင်ကိုပင်း မဖြစ်မီရှေ့ပြေးဖြစ်တဲ့ ဖိုင်တိုအင်း (Phytoene)ဆိုတဲ့ အရောင်မဲ့ ဒြပ်ပေါင်းတစ်မျိုးဟာလည်း အသည်းမှာအဆီစုပုံမှုကို သိသိသာသာလျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့တာလို့ သိရပါတယ်။
သုတေသနပြုလုပ်ချက်အရ ကြွက်တွေကို ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်အစားအစာတွေ ကျွေးမွေးပြီး အဆီဖုံးရောဂါဖြစ်ပွားစေတဲ့အခြေအနေ ဖန်တီးခဲ့ရာမှာ ဖိုင်တိုအင်းဓာတ်ရရှိတဲ့ ကြွက်တွေဟာ မရရှိတဲ့ ကြွက်တွေထက် အသည်းအဆီဖုံးမှုနည်းပါးကြောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
Phytoene ဟာ အသည်းရဲ့ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး ပိုလျှံနေတဲ့အဆီတွေကို လောင်ကျွမ်းစေတာကြောင့် အသည်းဆဲလ်တွေထဲ အဆီစုပုံမသွားအောင် ကူညီပေးတာဖြစ်ပြီး ယင်းဓာတ်ဟာ ခရမ်းချဉ်သီး အထူးသဖြင့် ခရမ်းချဉ်သီးအနှစ်မှာ အများဆုံးပါဝင်ရုံတင်မကဘဲ မုန်လာဥနီ၊ ငရုတ်ပွနီ၊ ဖရဲသီး၊ သင်္ဘောသီးနဲ့ မက်မွန်သီးတို့လို အသီးအနှံတွေမှာလည်း ကြွယ်ဝစွာပါဝင်တယ်လို့လည်း သိရပါတယ်။
အဆီများတဲ့အစားအစာတွေနဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကြောင့် ဖြစ်ပွားတတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ဖို့အတွက် ဖိုင်တိုအင်းဒြပ်ပေါင်းရရှိနိုင်မယ့် သဘာဝအသီးအနှံတွေကို ပိုမိုစားသုံးပေးသင့်ကြောင်း သုတေသီတွေက တိုက်တွန်းထားပါတယ်။
ခရမ်းချဉ်သီး, ဖိုင်တိုအင်း, Phytoene, အသည်းအဆီဖုံးခြင်း,
Photos- MWD






