တရုတ်နိုင်ငံ နန်နင်းမြို့၌ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းရေးနှင့် ပူးပေါင်းဆန်းသစ်တီထွင်မှုဖိုရမ်နှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲဆိုင်ရာ အခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း ဦးဆောင်သည့် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒုတိယဝန်ကြီးဟာ ဖိုရမ်နှင့် ဆက်စပ်အခမ်းအနားများတွင် ပါဝင်ပြီး တရုတ်-အာဆီယံဒေသအတွင်း သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နည်းပညာလွှဲပြောင်းမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် နည်းပညာများကို စီးပွားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၆ ရက်က ကျင်းပသည့် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းရေးနှင့် ပူးပေါင်းဆန်းသစ်တီထွင်မှုဖိုရမ်တွင် ဒုတိယဝန်ကြီးက AI Innovation Cooperation နှင့်စပ်လျဉ်း၍လည်းကောင်း၊ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်-အာဆီယံနိုင်ငံများကြား AI နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ပိုမိုမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များကို ဖလှယ်ပြောကြား၍လည်းကောင်း မျှဝေဆွေးနွေးပြီး တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆုချီးမြှင့်ပွဲတက်ရောက်ကာ ဆုများပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ထို့အပြင် ဒုတိယဝန်ကြီးဟာ ဖိုရမ်အတွင်း Wuxiang Cloud Valley Co., Ltd နှင့် Guangxi Institute of Artificial Intelligence တို့ကို သွားရောက်လေ့လာပြီး Artificial Intelligence နှင့် ဆက်စပ်ခေတ်မီနည်းပညာများ၊ သုတေသနနှင့် လက်တွေ့အသုံးချမှုဆိုင်ရာ လုပ်ငန်းများကို လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်ကလည်း ဒုတိယဝန်ကြီးသည် ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲသို့ တက်ရောက်ပြီး အဆိုပါကုန်စည်ပြပွဲအတွင်း ပြသထားသည့် အဆင့်မြင့်နည်းပညာဆိုင်ရာ ပြခန်းများကို လေ့လာကြည့်ရှုကာ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအခြေပြု ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကြား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာလွှဲပြောင်းမှုများနှင့် နည်းပညာအသုံးချမှုများ ပိုမိုမြှင့်တင်နိုင်ခြင်း၊ Artificial Intelligence အပါအဝင် ခေတ်မီနည်းပညာများကို ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတွေ့အကြုံနှင့် အသိပညာများ အပြန်အလှန် ဖလှယ်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်မှတစ်ဆင့် စီးပွားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခဲ့သည့်အခွင့်အလမ်းများရရှိခဲ့ကြောင်း သိရပါတယ်။
တရုတ်_အာဆီယံဒေသ, သိပ္ပံနည်းပညာ, ArtificialIntelligence, AI, AIInnovationCooperation,
Photo- MDN






