[latest_news_marquee]

အီဘိုလာကူးစက်မှု တရားဝင်ထုတ်ပြန်ချက်ထက် ၄ ဆခန့် ပိုများနိုင်ဟု WHO ပြော

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကူးစက်ပျံ့နှံ့လျက်ရှိသည့် အီဘိုလာရောဂါကူးစက်မှု အရေအတွက်သည် တရားဝင်ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက်အလက်များထက် ၄ ဆခန့် ပိုမိုများပြားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။

ကွန်ဂိုအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂ လခန့်က ရောဂါပိုးစတင်တွေ့ရှိချိန်မှစ၍ လက်ရှိအချိန်အထိ အီဘိုလာရောဂါကူးစက်ခံရသူ ၁,၉၆၀ ဦး ကျော်ရှိခဲ့ပြီး သေဆုံးသူ ၇၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုထားသော်လည်း WHO ၏ စစ်တမ်းတွက်ချက်မှုပုံစံများအရ လက်ရှိကူးစက်မှု အခြေအနေဟာ တွေ့ရှိရသည့် လူနာအရေအတွက်ထက် ၂ ဆမှ ၄ ဆခန့်အထိ ပိုမိုများပြားလာနိုင်တယ်လို့ WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာ ညွှန်ကြားရေးမှူး ချီကွေအီဟက်ကွေဇူးက ပြောကြားထားပါတယ်။

တရားဝင်ကိန်းဂဏန်းများအရဆိုလျှင်ပင် ယခုဖြစ်ပွားမှုဟာ သမိုင်းတစ်လျှောက်တွင် တတိယမြောက် အကြီးမားဆုံး အီဘိုလာကူးစက်မှုဖြစ်နေပြီး ကူးစက်ပျံ့နှံ့မှုနှုန်းသည်လည်း ယခင်ကကြုံတွေ့ခဲ့ရမှုထက် အမြန်ဆုံးဖြစ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားထားပါတယ်။

အဆိုပါအီဘိုလာရောဂါကူးစက်မှုသည် လက်ရှိတွင် ကွန်ဂိုပြည်နယ် ၅ ခု နှင့် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတို့အထိ ပျံ့နှံ့နေသော်လည်း ကူးစက်မှု ၉၀ ရာခိုင်နှုန်းကျော်မှာ အီတူရီပြည်နယ်တွင်သာ ဖြစ်ပွားနေခြင်းဖြစ်ကာ ယခုကူးစက်နေသော အီဘိုလာရောဂါသည် အသိအမှတ်ပြု ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးသည့် အမျိုးအစားဖြစ်တယ်လို့လည်း WHO မှ ပြောကြားထားပါတယ်။

Photos- MWD

Your Ad Here
Ad Size: 336x280 px

More News