အမေရိကန်နိုင်ငံတွင် ဒေသစံတော်ချိန် ဇူလိုင် ၁၉ ရက် (မြန်မာစံတော်ချိန် ဇူလိုင် ၂၀ ရက် မနက် ၁ နာရီခွဲ) မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဥရောပချန်ပီယံ စပိန်အသင်းက လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းကို အချိန်ပိုမှာ ရရှိခဲ့တဲ့ အနိုင်ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးဂျာစီရှိ မက်လိုက်ဖ် (MetLife) အားကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တဲ့ စပိန်အသင်းအနေနဲ့ ၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမ အကြိမ်အဖြစ် ရရှိဆွတ်ခူးခဲ့ပြီး ၁၆ နှစ်အကြာတွင် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ထပ်မံရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ထို့အပြင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲရဲ့ ပထမပိုင်းအပြီး အားလပ်ချိန်မှာ Halftime show ဖျော်ဖြေပွဲကို ထည့်သွင်းကျင်းပခဲ့ပြီး ကမ္ဘာကျော်အဆိုတော် မက်ဒေါနား၊ ရှာကီရာ၊ ဂျက်စတင်ဘီဘာနဲ့ ကိုလံဘီယာအဆိုတော်တွေအပြင် တောင်ကိုရီးယားရဲ့ BTS အဖွဲ့တို့ကပါ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။
ဗိုလ်လုပွဲအပြီး ဆုပေးပွဲကို ကျင်းပခဲ့ရာတွင်လည်း ဗိုလ်လုပွဲသို့ ကိုယ်တိုင်တက်ရောက်အားပေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖီဖာဥက္ကဋ္ဌနဲ့အတူ အနိုင်ရတဲ့ စပိန်အသင်းကို ဆုဖလား ပူးတွဲချီးမြှင့်ပေးခဲ့ပါတယ်။
ယခု ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား၌ စပိန်ကွင်းလယ်ကစားသမား ရိုဒရီ (Rodri) ဟာ ဒီနှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆု (Golden Ball) ကို ဆွတ်ခူးသွားခဲ့ပါတယ်။ ယင်းအပြင် စပိန်ဂိုးသမား အူနိုင်း ဆီမွန် (Unai Simón) ဟာ ပြိုင်ပွဲတစ်ခုလုံး ၈ ပွဲကစားရာမှာ ၁ ဂိုးတည်းသာ ပေးခဲ့ရလို့ အကောင်းဆုံးဂိုးသမား ရွှေလက်အိတ်ဆု (Golden Glove) ကို ရရှိသွားခဲ့သလို စပိန်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ပေါ်ကူဘာဆီ (Pau Cubarsí) က ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု (Best Young Player)ကို ရရှိသွားခဲ့သလို ပြိုင်ပွဲတစ်လျှောက် အသန့်ရှင်းဆုံး အသင်းဆု (FIFA Fair Play Award)ကို နယ်သာလန်အသင်း က ရရှိသွားပါတယ်။
ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု (Golden Boot) ကို ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေ (Kylian Mbappé) က ယခုပြိုင်ပွဲအတွင်း ဂိုး ၁၀ ဂိုးသွင်းယူကာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး စံချိန်အဖြစ် ၂၂ ဂိုးဖြင့် စံချိန်တင်နိုင်ခဲ့သလို ကမ္ဘာ့ဖလားသမိုင်းမှာ ရွှေဖိနပ်ဆုကို ၂၀၂၂ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် ၂ ကြိမ်ဆက်တိုက် ပထမဆုံး သိမ်းပိုက်နိုင်သူ ဖြစ်လာခဲ့ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သမိုင်းတလျှောက် အကြီးမားဆုံးသော ပြိုင်ပွဲကြီးဖြစ်ပြီး စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ပွဲစဉ်ပေါင်း ၁၀၄ ပွဲ အထိ ကစားခဲ့ကြတာဖြစ်ပါတယ်။
Photo- FIFA






