ပြည်တွင်း၌ ခေတ်မီ Smart Meter များ ထုတ်လုပ်လျက်ရှိပြီး သဘာဝဓာတ်ငွေ့မီတာနှင့် ရေမီတာများကိုပါ Digital မီတာဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပြောကြားထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဟာ ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ခေတ်မီ Smart Meter များ ထုတ်လုပ်နေသည့်စက်ရုံ၌ ဒီဂျစ်တယ်မီတာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်၍ စဉ်ဆက်မပြတ်ပေးနိုင်ရေးတို့အား ဘက်စုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများပြုလုပ်၍ Hardware နှင့် Software များကို အဆင့်မြှင့်တင်သွားနိုင်ရေး၊ သဘာဝဓာတ်ငွေ့မီတာနှင့် ရေမီတာများကိုပါ Digital မီတာဖြင့် ထုတ်လုပ်နိုင်ရေး၊ Electronic နှင့် IT ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအတွက် လေ့ကျင့်ပညာပေးရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် ဒီဂျစ်တယ်မီတာများအား အချိန်မီထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေးကို စက်ရုံ၌ ကြည့်ရှုစစ်ဆေးစဉ်မှာ ဆွေးနွေးမှာကြားခဲ့တယ်လို့ သိရပါတယ်။
ယင်းအပြင် ပြည်ထောင်စုဝန်ကြီးဟာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) ၌ ဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံပြီး ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နည်းပညာအသုံးပြု၍ စစ်ဆေးကြပ်မတ်သွားမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲသူတို့၏ လိုအပ်ချက်များကို ကောင်းမွန်သော ဝန်ဆောင်မှုများပေး၍ ဖြည့်ဆည်းပေးရန် နှင့် Call Center များအနေဖြင့် ပြည်သူတို့၏ မေးမြန်းလာမှု သတင်းပေးလာမှုတို့အပေါ် စိတ်ရှည်နားလည်မှုရှိစွာ ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ တယ်လို့လည်း သိရပါတယ်။
Photo- MOI






