[latest_news_marquee]

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်၌ ငွေလုံးငွေရင်း အသုံးစရိတ် တောင်းခံ ဆောင်ရွက်နေပြီး ဓာတ်အားပို့လွှတ်မှုအပိုင်းတွင် စီမံကိန်း ၃၀ ဖြင့် လျာထားဆောင်ရွက်နေဟုဆို 

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်၌ ငွေလုံးငွေရင်း အသုံးစရိတ်တောင်းခံ  ဆောင်ရွက်နေပြီး ဓာတ်အားပို့လွှတ်မှုအပိုင်းတွင် စီမံကိန်း ၃၀ ဖြင့် လျာထားဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ ကျင်းပတဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂ဝ၂၇ -၂ဝ၂၈ ဘဏ္ဍာနှစ်၌ လျှပ်စစ်စွမ်းအင်ကဏ္ဍ မည်မျှပါဝင်သည်၊ မည်သည့်လုပ်ငန်းများတွင် ဆောင်ရွက်မည်၊ နောက်နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် လျှပ်စစ်ကဏ္ဍ မည်သို့ဆောင်ရွက်သွားမည်၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ဆဲ၊ ရှေ့ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုခြင်း မေးခွန်းနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၌ ငွေလုံးငွေရင်း အသုံးစရိတ် တောင်းခံ၍ အလယ်ပေါင်းလောင်း၊ ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဌေးနှင့် အထက်ကျိုင်းတောင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ပြီးစီးရန် လိုအပ်သောဘဏ္ဍာရန်ပုံငွေကို နောင်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်တောင်းခံ၍ နယ်မြေအခြေအနေအရ ဆောင်ရွက်သွားမှာဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်အား လျှော့ချနိုင်ရန် အလယ်ပေါင်းလောင်းစီမံကိန်းအား တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရန် Notice to Proceed ကို ထုတ်ပေးခဲ့သလို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ပါဝင်ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများ ဆောင်ရွက်လျက်ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

ရွှေလီ (၃) စီမံကိန်းကို နယ်မြေအခြေအနေအပေါ်မူတည်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်သွားမှာဖြစ်တဲ့အပြင် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်စသည့် ပြန်ပြည့်မြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ထို့အတူ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုအပိုင်းတွင် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၅၀၀ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၁ ခု၊ ၂၃၀ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၁၉ ခု၊ ၁၃၂ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၂ ခုနှင့် ၆၆ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၈ ခုတို့ကို လျာထားဆောင်ရွက်လျက်ရှိကာ အဆိုပါစီမံကိန်းလုပ်ငန်းများ တည်ဆောက်ပြီးစီးရန် လိုအပ်သောဘဏ္ဍာရန်ပုံငွေကို နောင်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်တောင်းခံ၍ ဆောင်ရွက်သွားမယ်လို့ ဒုတိယဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်တောင်းခံပြီး ၆၆ ကေဗွီ စနစ် စီမံကိန်းလုပ်ငန်း ၈ ခုနှင့် ၃၃ ကေဗွီစနစ် လုပ်ငန်း ၇ ခု၊ မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၆၆ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၄ ခု၊ ၃၃ ကေဗွီစနစ်လုပ်ငန်း ၁၈ ခုနှင့် ၁၁ ကေဗွီစနစ် လုပ်ငန်း ၁၂ ခု၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၆၆ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၉ ခုနှင့် ၃၃ ကေဗွီစနစ်လုပ်ငန်း ၂၇ ခုတို့ကို လျာထားဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ထို့အပြင် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံက ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာအကူအညီ ရယူထားမှုနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ်နေဆဲ စီမံကိန်းလုပ်ငန်း ၁၅ ခု၊ နိုင်ငံခြားချေးငွေ (Loan) ဖြင့် ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်း ၂၁ ခုနှင့် နိုင်ငံခြားချေးငွေ(Loan) ဖြင့် ဆောင်ရွက်ရန် အဆိုပြုစီမံကိန်းများတွင် စီမံကိန်းလုပ်ငန်း ၁၅ ခုတို့သည် ယခင် ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ်မတ် ၃၁ ရက်အထိ တာဝန်ယူခဲ့သော အစိုးရလက်ထက်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုဖြစ်ပြီး ယခုလက်ရှိအခြေအနေတွင် ဆောင်ရွက်ပြီးစီး၍ ချေးငွေပေးဆပ်ပြီး ၉ ခု၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီး၍ ချေးငွေပေးဆပ်ဆဲ ၂၁ ခု၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ဆဲ ၈ ခု၊ ချေးငွေအဆိုပြုခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိသော စီမံကိန်းလုပ်ငန်း ၁၃ ခုတို့ဖြစ်တယ်လို့လည်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News