၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍနှစ် ၆ လတာအတွင်း ကရင်ပြည်နယ်၌ တရားမဝင် ကုန်သွယ်မှုမှ ကျပ် ၂၅ ဒသမ ၉၂၇ ဘီလီယံခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ ကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲပေါင်း ၁၃၉ မှုအထိရှိခဲ့တယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့ရုံး၌ အောက်တိုဘာ ၉ ရက်နေ့က ကျင်းပခဲ့သည့် အထူးအဖွဲ့(၅/၂ဝ၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
ထိုအစည်းအဝေး၌ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးသင်းက တရားမဝင်ကုန်သွယ်မှုလုပ်ဆောင်နေသူများသည် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်နေကြပြီး အကောက်ခွန်နှင့် ရသင့်ရထိုက်သည့် အခွန်အခများဆုံးရှုံးမှုများစွာဖြစ်ပေါ်လျက်ရှိသောကြောင့် တရားမဝင် ကုန်သွယ်မှုများအား တားဆီးဖမ်းဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ထို့အပြင် တရားမဝင်သယ်ဆောင်လာသည့်ကုန်စည်များကို စနစ်တကျ တားဆီးထိန်းချုပ်၍ တရားမဝင်ကုန်သွယ်မှုများကိုလျှော့ချပြီး တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
Photo – MOI






