စစ်မှုထမ်းတာဝန်ပြီးစီးသူ ၁၀ ဦးကို ထိုင်းနှင့် မလေးရှားနိုင်ငံသို့ အမြန်စေလွှတ်နိုင်ရေး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းသို့ ၅ ဦးနှင့် မလေးရှားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းသို့ ၅ ဦးတို့အား အမြန်စေလွှတ်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိပါတယ်။
ထို့အပြင် စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးစီးခဲ့သူများအနက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို ၎င်းတို့ဆန္ဒပြုသည့် ပြည်ပနိုင်ငံများသို့သွားရောက်လုပ်ကိုင်နိုင်ရေး၊ သွားရောက်လုပ်ကိုင်ရာတွင် ကောင်းမွန်သည့်အလုပ်အကိုင်များ ရရှိစေရေး၊ ဝန်ဆောင်ခများသက်သာစေရေး သို့မဟုတ် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် သွားရောက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ချိတ်ဆက်၍ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ စာရင်းပြုစုခြင်း၊ အရည်အချင်းစိစစ်ခြင်း၊ ကျွမ်းကျင်မှုသင်တန်းပို့ချခြင်းနှင့် စေလွှတ်ရေးလုပ်ငန်းစဉ်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက် ရှိတယ်လို့လည်း သိရပါတယ်။
ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုကြောင်း ဆန္ဒပြုခဲ့သည့် စစ်မှုထမ်းများအနက် ပြည်သူ့စစ်မှုထမ်းတစ်ဦးအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် Golden Plant Services Co., Ltd. အစီအစဉ်ဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရေး စတင်စေလွှတ်ပေးနိုင်ခဲ့ပြီး မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်တယ်လို့လည်း နိုင်ငံပိုင်သတင်းစာမှ ထုတ်ပြန်အသိပေးထားကြောင်းလည်း သိရပါတယ်။
Photo – MOI






