မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် ပြည်တွင်းထုတ် မြေပဲ၊ နှမ်း၊ နေကြာဆီများရောင်းချမည့် ပြည်တွင်း ဆီစက်များ သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဈေးရောင်းပွဲတော်ကို လာမည့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ မှ ၂၂ ရက်ထိ ၃ ရက်ကြာကျင်းပမည်ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
ပွဲတော်ရက်များအတွင်း ဆီများကို ရန်ကုန်မြို့တွင် နေရာ ၂ နေရာ၌ ရောင်းချပေးသွားမည်ဖြစ်ပြီး ပထမနေရာအဖြစ် လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း ယာယီအရောင်းဆိုင်နှင့် ဒုတိယနေရာအဖြစ် ရန်ကင်းမြို့နယ် ရန်ရှင်းလမ်း ရွှေအုန်းပင်အိမ်ရာရှေ့(ရန်ကင်းဈေးမှတ်တိုင်အနီး)တို့တွင်ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဝင် FDA အသိအမှတ်ပြု စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ ဆီစက်လုပ်ငန်းရှင် ၁၂ ဦးတို့က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရပါတယ်။
ထိုသို့ ရောင်းချရာမှာ ဆီများကို အသင့်ထည့်သွင်းထုပ်ပိုးထားသည့် ၂၅ ကျပ်သားပါ ဆီဘူးမှ ၁၀ ပိဿာဝင်ဘူးများဖြင့် အရွယ်အစားအစုံရောင်းချပေးမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းသည် စားသုံးသူများ သက်သာချောင်ချိရေးကို ရှေးရှု၍ တစ်နှစ်လျှင် သုံးကြိမ်ခန့် ဈေးရောင်းပွဲတော်ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။
Photo – မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း






