ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(ဩရိဿပြည်နယ် မြောက်ပိုင်း- အနောက်ဘင်္ဂလားပြည်နယ်)ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှ လာမယ့် ဩဂုတ် ၃ ရက်နေ့အတွင်း မိုးကြီးဦးမယ်လို့ မိုးလေဝသနနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
မိုးဇလရဲ့ ယနေ့ မနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ အထက်ပါ ရက်များအတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ယနေ့မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(ဩရိဿပြည်နယ်မြောက်ပိုင်း – အနောက်ဘင်္ဂလားပြည်နယ်) ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)ဟာ မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချန်ဘလီမြို့(Chandbali)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning) ၏ တောင်- အနောက်တောင်ဘက်ရေမိုင် ၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့လည်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ နောက် ၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ချန်ဘလီမြို့နှင့် ကန်နင်းမြို့တို့အကြားမှ ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း မိုးဇလမှ အသိပေးထားပါတယ်။
Photos- မိုးဇလ






