မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆင်အကအလှပြိုင်ပွဲကို ရွှေသာလျောင်း တောင်ခြေရှိ ဝတ္ထုကံမြေတွင် သီတင်းကျွန်လဆန်း ၁၄ ရက်နေ့ (အောက်တိုဘာ ၂၅ ရက်)နေ့မှာကျင်းပသွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၆ ရက်)တွင် ရွှေသာလျောင်းတောင် မြတ်စွာဘုရား သီတင်းကျွတ် ဆွမ်းတော်ကြီးကပ်လှူပွဲများနှင့် ဆင်လှူပွဲတော်ကို ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆင်အကအလှပြိုင်ပွဲ ဦးစီးကော်မတီထံမှ သိရပါတယ်။
ကျောက်ဆည်ဆင်ပွဲကတော့ နှစ်တိုင်းလို စည်ကားလေ့ရှိပြီး ပြိုင်ပွဲဝင် ဆင်အဖွဲ့တွေအားလုံး လိုက်နာရမယ့် စည်းကမ်းချက်တွေကို စနစ်တကျဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
အဆိုပါ ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ နှစ် ၃၀ အထက် မပျက်မကွက်လာရောက် ဖျော်ဖြေပေးတဲ့ သက်ကြီးဆင်တွေကို ဇွဲဆုချီးမြှင့်ပေးသွားမှာဖြစ်သလို ယခင်နှစ်တွေအတိုင်း ရိုးရာဆင်ပြိုင်ပွဲ၊ ဘော်ကြယ်ဆင်ပြိုင်ပွဲ၊ ကလေးဆင်ပြိုင်ပွဲတွေကို ထည့်သွင်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ဆည်ဆင် အကအလှပြိုင်ပွဲဟာ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးလက်ထက်ကတည်းက စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်ပေါင်း ၉၈၀ ကျော်တိုင်အောင် နှစ်စဉ်မပျက်မကွက် ဆက်လက်ထိန်းသိမ်းလာခဲ့သော အမွေအနှစ်ပွဲတော်တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
Video Credit – Kyaukse Elephant Festival






