[latest_news_marquee]

သမိုင်းကြောင်းနှင့် တောင်တက် သဘာဝအလှ ခံစားနိုင်မယ့် ပုဂံခေတ်ရှေးဟောင်း ကျောက်ရေကန်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေးရောက်ရှိခဲ့ပါက ပုဂံခေတ်သမိုင်းကြောင်းနဲ့ သဘာဝအလှကို အခြေခံသည့် တောင်တက်ခရီးစဉ်ကိုပါတစ်ပါတည်း တွေ့ကြုံခံစားနိုင်မယ့် တုရင်တောင်တန်း၏ တောင်ဘက်၊ သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန် ခရီးစဉ်ကို လာရောက်လည်ပတ်နိုင်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ သိရပါတယ်။

သက်စိုးတောင်ဟာ သက်လူမျိုးများနေထိုင်သည့် တောင်တစ်ခု ဖြစ်ခြင်းကြောင့် ၎င်းတောင်ကို သက်စိုးတောင်ဟုခေါ်ဝေါ်ကြပြီး တောင်ပေါ်မှာ ဒေါင်း၊ ချိုး (ဂျိုး)၊ ယုန်၊ ကြောင်၊ ဘုတ်၊ ချိုးလင်းပြာ (ဂျိုးလင်းပြာ) ၊ ငှက်ခါး၊ ပိန်ညင်း (ဗိန်ညင်း) စတဲ့ ကျေးငှက် တိရစ္ဆာန်တွေ နေထိုင်ကျက်စားတဲ့အတွက် သဘာဝ ချစ်မြတ်နိုးသူတွေလည်း လာရောက်ကြလေ့ရှိတဲ့အတွက် ခရီးသွားဝင်ရောက်မှု များပြားလျက်ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျောက်ရေကန်ဟာ ပုဂံခေတ်က ရေဖြန့်ဝေတဲ့နေရာဖြစ်သလို ပုဂံမင်းနေပြည်တော်သို့ ချီတက် လာမည့် အရပ်လေးမျက်နှာမှ ရန်သူများကို တိုက်ခိုက်ရန်အတွက် ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်ပြီး စစ်ရေးအရ အလွန်အရေးကြီးသည့် ဆင်တပ်၊ မြင်းတပ်များ စခန်းချရာ တပ်စခန်း တစ်ခုအဖြစ် အသုံးပြုခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ဆိုထားပါတယ်။

ပုဂံကနေ ကျောက်ရေကန်ကိုသွားတဲ့ ခရီးစဉ်တွင် သဘာဝပတ်ဝန်းကျင်မှာရှိတဲ့ ကျေးငှက် တိရစ္ဆာန်တွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်သလို ကျောက်ရေကန်၏ တောင်ဘက်၌ မြကန်နှင့် အနောက်တောင်ဘက်တွင် ရှေးဟောင်းမြို့တော် ပုဂံပြည်၏ စေတီပုထိုးများကိုပါ ဖူးမြင်နိုင်ပြီး ဧရာဝတီမြစ်အပြင် တန့်ကြည်တောင်ကိုပါ မြင်တွေ့ရမယ့် သာယာလှပတဲ့နေရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ထိုကျောက်ရေကန်ထဲတွင် QR ကုတ်နှင့်ဆင်တူသည့် မှတ်အသား၊ မြင်းရုပ်၊ နဂါးရုပ်၊ ဟင်္သာရုပ်တို့ကို ကျောက်နံရံမှာ ပန်းချီပုံစံထွင်းပြီး ရေးသားထားမှုတွေကိုလည်း လေ့လာတွေ့ရှိရမှာဖြစ်တယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ်တွင် ပုဂံညောင်ဦးမှ သွားရောက်နိုင်သော ကျောက်ရေကန်၊ ဇီးအို၊ စက်စက်ယို၊ ပုပ္ပားတောင်ကလပ်၊ ကျောက်မျက်မော်၊ ဂဲမိုးအိုင်နဲ့ သဲပျင်တောဆိုပြီးတော့ ခရီးစဉ်သစ်ဒေသ ၇ ခု ဖော်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo – ရှေး/သု

Your Ad Here
Ad Size: 336x280 px

More News