[latest_news_marquee]

နေပြည်တော်၌ တရုတ်-မြန်မာ စပါးမျိုးသစ်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်စပါးအရသာမြည်းစမ်းပွဲ ကျင်းပ

တရုတ်-မြန်မာ စပါးမျိုးသစ်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်စပါးအရသာမြည်းစမ်းပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ တရုတ်-မြန်မာ အရည်အသွေး ပြည့်မှီသော လယ်ယာကောက်ပဲသီးနှံ စမ်းသပ်ဌာနမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားသို့ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ သုတေသနအဖွဲ့အစည်းများ၊ စိုက်ပျိုးရေးဆိုင်ရာ ဌာနများ၊ မျိုးစေ့ကုမ္ပဏီများ၊ ဆန်စပါးအသင်းချုပ်၊ သတင်းမီဒီယာများနှင့် တောင်သူကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး စပါးမျိုးသစ်များ၏ စိုက်ခင်းအတွင်း ကြီးထွားဖြစ်ထွန်းမှုကို အနီးကပ် လေ့လာဆန်းစစ်ခဲ့ကြပြီး နည်းပညာဖလှယ်မှုများနှင့် ဆန်စပါးအရသာမြည်းစမ်းမှုများကို လုပ်ဆောင်ခဲ့ကြ တယ်လို့သိရပါတယ်။ 

တရုတ်-မြန်မာ စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုနှင့် တောင်သူများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ 

ထို့သို့ စမ်းသပ်မှုကို ကွမ်ရှီးဟောက်ခိုင် ဇီဝနည်းပညာကုမ္ပဏီလီမိတက် (Guangxi Haokai Biotechnology Co., Ltd.) မှ ဦးဆောင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်တွင် အရည်အသွေးမြင့် အရည်အသွေးမြင့် မွှေးကြိုင်သော စပါး၊ ရေချွေတာပြီး မိုးခေါင်ဒဏ်ခံနိုင်သည့် စပါး၊ ဆန်ခေါက်ဆွဲပြုလုပ်သည့်စပါး အပါအဝင် စပါးမျိုးနှင့် မျိုးစပ်စပါး စုစုပေါင်း ၁၁၆ မျိုးကို ပြသခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ စပါးမျိုးစိတ်များအနက် တရုတ်စပါးမျိုးစိတ် ၉၁ မျိုးနှင့် မြန်မာ့ဒေသထွက်မျိုးစိတ် ၂၅ မျိုး ပါဝင်ကာ မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးနေသော “ဆင်းသုခ” နှင့် “မနောသုခ” စပါးမျိုးများကို နှိုင်းယှဉ်စပါးမျိုးအဖြစ် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

စမ်းသပ်စိုက်ပျိုးရာတွင် တစ်ပြေးညီ မျိုးစေ့ကြဲခြင်း၊ ရေနှင့် မြေဩဇာ စီမံခန့်ခွဲခြင်းနှင့် ပိုးမွှားနှိမ်နင်းခြင်းတို့ကို လုပ်ဆောင်ခဲ့သော်လည်း စပါးမျိုးစိတ်များ၏ သဘာဝရောဂါဒဏ်ခံနိုင်ရည်ကို ဓမ္မဓိဋ္ဌာန်ကျကျ စမ်းသပ်နိုင်ရန်အတွက် စိုက်ခင်းအတွင်း ရောဂါကာကွယ်ဆေးများ ဖျန်းခြင်းမပြုခဲ့ကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ ကြုံတွေ့ခဲ့ရသော အပူချိန်မြင့်မားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှု ရာသီဥတုဒဏ်များကြောင့် စမ်းသပ်စိုက်ခင်းများတွင် စပါးရွက်ခြောက်ရောဂါနှင့် ဘက်တီးရီးယားပင်စည်ပုပ်ရောဂါများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အချို့မျိုးစိတ်များ ပြိုလဲပျက်စီးခဲ့ရပေမယ့် ၎င်းအခြေအနေသည် သဘာဝဘေးဒဏ်အောက်တွင် သီးနှံများ၏ ကြံ့ကြံ့ခံနိုင်ရည်ကို စိစစ်ရန်အတွက် စစ်မှန်သော ကွင်းဆင်းပတ်ဝန်းကျင်ကို ရရှိစေခဲ့ကြောင်း သိရပါတယ်။

ကျွမ်းကျင်သူများ၏ ကွင်းဆင်းအကဲဖြတ်ချက်များအရ JYS-Z30, JYS-Z922, JYS-414 အပါအဝင် စပါးမျိုးစိတ် ၁၁ မျိုးသည် ရောဂါအဖြစ်များသော အခြေအနေအောက်တွင် ရောဂါဒဏ်ခံနိုင်ရည်နှင့် အထွက်နှုန်းတည်ငြိမ်မှုပိုင်း၌ ထူးချွန်စွာ ပြသနိုင်ခဲ့ပြီး အထွက်နှုန်းနှင့် ဆန်အရည်အသွေး အလားအလာ ကောင်းမွန်ကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် အခြားစပါးမျိုးစိတ် ၁၅ မျိုးသည်လည်း စိုက်ခင်းအတွင်း ပုံမှန်ကြီးထွားမှုနှင့် ဘေးဒဏ်ခံနိုင်ရည် ကောင်းမွန်ကြောင်း ပြသခဲ့ပြီး၊ ဖြစ်ပွားခဲ့သော လက္ခဏာအနည်းငယ်သည် စုစုပေါင်းအထွက်နှုန်းအပေါ် သက်ရောက်မှု အကန့်အသတ်သာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

ယခုနှစ် စမ်းသပ်မှုရလဒ်များသည် ယင်းနှစ်၏ စိုက်ခင်းပြသမှုသက်သက်ကိုသာ ထင်ဟပ်စေခြင်းဖြစ်ပြီး၊ နောင်တွင် မြန်မာနိုင်ငံ၏ မတူညီသော ဂေဟစနစ်ဇုန်များ၌ စပါးမျိုးစိတ်များ၏ လိုက်လျောညီထွေဖြစ်မှုကို ထပ်မံအတည်ပြုရန် နှစ်ရှည်ဒေသစုံစမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ ဒေသတွင်း အကြီးစားစိုက်ပျိုးရန် သင့်လျော်သော စပါးမျိုးကောင်းများကို ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong က မြန်မာနိုင်ငံသည် ကောင်းမွန်သော စိုက်ပျိုးရေးသဘာဝအခြေအနေများကို ပိုင်ဆိုင်ထားပြီး၊ ဆန်စပါးအထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်ရန်၊ တောင်သူများ ဝင်ငွေတိုးပွားစေရန်မှာ ဒေသတွင်း အဓိကဦးစားပေးဖြစ်ကြောင်း၊ တရုတ်-မြန်မာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အယူအဆကို စွဲကိုင်ရမည်ဖြစ်ပြီး၊ ဒေသခံနည်းပညာရှင်များ မွေးထုတ်ခြင်းကို အလေးထားကာ၊ ပူးပေါင်းဆောင်ရွက်မှုပုံစံကို “အထောက်အပံ့ပေးခြင်း” မှ “စွမ်းဆောင်ရည်မြှင့်တင်ခြင်း” သို့ ပြောင်းလဲရမည်ဖြစ်ကြောင်း သို့မှသာ စိုက်ပျိုးရေးနည်းပညာရလဒ်များက နှစ်နိုင်ငံပြည်သူများကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ သီးနှံသိပ္ပံသုတေသနဌာနမှ Dr. Xu Jianlong  က ပြင်းထန်သော ရာသီဥတုသည် နှစ်နိုင်ငံလုံး၏ ဆန်စပါးထုတ်လုပ်မှုအတွက် တူညီသော စိန်ခေါ်မှုများကို ဖြစ်စေကြောင်း ထောက်ပြခဲ့ကာ အထွက်နှုန်းကောင်းမွန်ပြီး ဘေးဒဏ်ခံနိုင်သော အရည်အသွေးမြင့်မျိုးစိတ်များကို မွေးမြူရန်မှာ နှစ်ဦးနှစ်ဖက်စလုံး၏ တူညီသောပန်းတိုင်ဖြစ်ပြီး၊ ယခုအခမ်းအနားကို အခြေခံ၍ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ၊ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီမြင့် က တရုတ်နှင့် မြန်မာ သုတေသနအဖွဲ့များ၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံတွင် စပါး ၆ မျိုးနှင့် ပြောင်းမျိုးသစ် ၈ မျိုးကို မှတ်ပုံတင်အတည်ပြုပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာ့စိုက်ပျိုးရေး ထုတ်လုပ်မှုကဏ္ဍကို အကျိုးပြုရန်အတွက် မျိုးကောင်းမျိုးသစ်များ တင်သွင်းခြင်းနှင့် သရုပ်ပြစိုက်ပျိုးခြင်းများကို ဆက်လက်တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

တရုတ်စိုက်ပျိုးရေး သိပ္ပံအကယ်ဒမီ Xishuangbanna အပူပိုင်းရုက္ခဗေဒဥယျာဉ်မှ Dr. Xu Peng က မိမိတို့အနေဖြင့် သုတေသနပလက်ဖောင်း၏ အားသာချက်များကို ဆက်လက်အသုံးချကာ၊ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုအခြေအနေအပေါ် အခြေခံ၍ ပူးတွဲမျိုးမွေးမြူခြင်း၊ နည်းပညာသုတေသနနှင့် ဒေသခံလူသားအရင်းအမြစ် မွေးထုတ်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ပိုမိုကိုက်ညီသော မျိုးစိတ်များကို အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကွမ်ရှီးဟောက်ခိုင် ဇီဝနည်းပညာကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌ Mr.Yang Mingtong က တရုတ်-မြန်မာ အရည်အသွေး ပြည့်မှီသော လယ်ယာကောက်ပဲသီးနှံ စမ်းသပ်ဌာနသည် အာဆီယံသို့ ဦးတည်သော စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊ အဖွဲ့အစည်းအားလုံးအနေဖြင့် ယခုပလက်ဖောင်းကို ကောင်းမွန်စွာ အသုံးချကာ ရိက္ခာသီးနှံ၊ စီးပွားဖြစ်သီးနှံ၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများနှင့် သွင်းအားစုများ ပြသဖလှယ်မှုကို တိုးချဲ့ရန်၊ အမှာစာစိုက်ပျိုးရေး (Contract Farming) ပုံစံများကို ရှာဖွေရန်နှင့် အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲများ ပူးတွဲဆန်းသစ်တီထွင်မှုဗဟိုဌာနကို ဖွဲ့စည်းရန် တွန်းအားပေးလိုကြောင်း၊ ထို့ပြင် မျိုးမွေးမြူခြင်း၊ စိုက်ပျိုးခြင်း၊ ရောဂါနှင့် ပိုးမွှားများကို သဘာဝနည်းလမ်းဖြင့် ကာကွယ်နှိမ်နင်းခြင်းစသည့် ကဏ္ဍများတွင် ပူးတွဲဖြေရှင်းကာ၊ အပြန်အလှန် အားသာချက်များဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် ဆောင်ရွက်လိုကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

အခမ်းအနားအတွင်း တက်ရောက်လာသူများမှ တရုတ်-မြန်မာ အရည်အသွေးမြင့် ဆန်စပါးများကို မြည်းစမ်းအမှတ်ပေးခဲ့ကြပြီး၊ ဆန်အရည်အသွေးနှင့် အရသာပိုင်းဆိုင်ရာ ရှုထောင့်မှ စမ်းသပ်စပါးမျိုးစိတ်များကို ဘက်စုံအကဲဖြတ်ခဲ့ကြပါတယ်။ 

ယခုအခမ်းအနားသည် သုတေသနအဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ ဈေးကွက်အဖွဲ့အစည်းများနှင့် တောင်သူများအကြား အပြန်အလှန် ဖလှယ်ချိတ်ဆက်နိုင်မည့် ပလက်ဖောင်းတစ်ခုကို တည်ဆောက်ပေးနိုင်ခဲ့သလို ရှေ့ဆက်၍ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးမှ စပါးမျိုးစိတ်များ၏ နေရာစုံ လိုက်လျောညီထွေဖြစ်မှု အကဲဖြတ်ခြင်းကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ပူးတွဲမျိုးမွေးမြူခြင်း၊ နည်းပညာသရုပ်ပြခြင်းနှင့် လူသားအရင်းအမြစ် လေ့ကျင့်သင်တန်းပေးခြင်းများကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ၊ မျိုးစေ့စမ်းသပ်ခြင်း၊ သရုပ်ပြစိုက်ပျိုးခြင်းမှသည် ဈေးကွက်အရောင်းအဝယ်အထိ ကွင်းဆက်တစ်ခုလုံးကို ချိတ်ဆက်ကာ ယခုကဲ့သို့ စိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေပြီး၊ ဒေသတွင်း ရိက္ခာဖူလုံမှုနှင့် အရည်အသွေးမြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Photo – ကွမ်ရှီးဟောက်ခိုင် ဇီဝနည်းပညာကုမ္ပဏီ

Your Ad Here
Ad Size: 336x280 px

More News