အမြန်လမ်းမောင်း ခရီးသည်တင်ကားများအနေဖြင့် ယာဉ်ပေါ်ရှိခရီးသည်၏ ပစ္စည်းမှအပ အခြားကုန်ပစ္စည်းများမတင်ဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။
အကယ်၍ ခရီးသည်ပစ္စည်းအပြင် အခြားကုန်ပစ္စည်းများတင်သည်ကို စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီး ဥပဒေအရ အရေးယူခံရမည့်အပြင် အမြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းမယ်လို့ သိရပါတယ်။
အကယ်၍ ခရီးသည်တင်ကားများ ကုန်တင်ပါက ကုန်အလေးချိန်ကြောင့် ယာဉ်ဘီးပေါက်တာ ၊ ဘရိတ်မမိတာ ၊ တိမ်းမှောက်တာတွေ ဖြစ်နိုင်သည့်အတွက် ခရီးသည်များ၏ ပစ္စည်းမှအပ ကျန်ကုန်ပစ္စည်းများကို မတင်ဆောင်ရန် သတိပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် ပုံမှန်ရက်များတွင် ကားခုံအပြည့် ဆွဲရသည့် အကြိမ်ရေမှာ နည်းကြောင်း၊ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ခြင်းမှ တစ်စိတ်တစ်ပိုင်း ဝင်ငွေရရှိနေခြင်းဖြစ်ကြောင်း အမြန်လမ်းမောင်းနှင်သွားလာသူများထံမှ သိရပါတယ်။
ထို့အပြင် ခရီးသည်တင် express ကားများအနေဖြင့် က.ည.န က သတ်မှတ်ထားတဲ့ ခရီးသည် ဦးရေအတိုင်းသာ တင်ဆောင်ခြင်း၊ တာယာနှင့် ဘရိတ် ၊ အောက်ပိုင်းစနစ်ကို အမြဲစစ်ဆေးခြင်း ပြုလုပ်ရန် သတိပေးချက်မှာ ဖော်ပြထားပါတယ်။
အမြန်လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှု ၊ တိမ်းမှောက်မှု ၊ မီးလောင်မှုတွေဟာ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်အပြင် သက်တမ်းလွန်တာယာပွင့်ထွက်ခြင်း၊ ပန်းမရှိလို့ လမ်းချော်ခြင်း၊ ဘရိတ်ချို့ယွင်းခြင်း၊ သတ်မှတ်မိုင်နှုန်းထက် အရှိန်ပိုများပြီးမောင်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လကုန်အထိ အမြန်လမ်းမမှာ ယာဉ်မတော်တဆမှု ၅၂ မှု ရှိခဲ့ပြီး သေဆုံးသူ ၃၂ ယောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၆၃ ယောက် အထိရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ






