မြန်မာနိုင်ငံတွင် ကြက်မဲသည် သီးသန့် စားသုံးသူအုပ်စု တစ်ခုကို ပိုင်ဆိုင်ထားပြီး ဒေသအလိုက် ရောင်းချဖြန့်ဖြူးသည့် လမ်းကြောင်းများလည်း ဖြစ်ထွန်းနေပြီဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ကြက်မဲ ဈေးကွက်နှင့် စားသောက်မှု အလေ့အထ
မြန်မာနိုင်ငံရှိ အချို့သော တရုတ်နွယ်ဖွား မိသားစုများသည် ကြက်မဲကို စွပ်ပြုတ်ချက်ခြင်း၊ ပေါင်းချက်ခြင်းနှင့် အိမ်ချက်ဟင်းလျာများအဖြစ် ချက်ပြုတ်စားသုံးရသည်ကို နှစ်သက်ကြသလို ကြက်မဲသည် ပိုမို မွှေးကြိုင်ပြီး အရသာ ပိုမိုကောင်းမွန်ရုံမျှမက ပိုမိုအာဟာရပြည့်ဝကာ ကျန်းမာရေးအတွက်လည်း ပိုမိုသင့်တော်တယ်လို့ ယူဆကြပါတယ်။ ထို့ကြောင့် သာမန်ကြက်သားထက် ဈေးနှုန်းပိုမိုကြီးမြင့်သော်လည်း ဝယ်ယူစားသုံးလိုသူများ ရှိနေဆဲဖြစ်ပါတယ်။
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ထိုင်းကျီး စိုက်ပျိုးမွေးမြူရေးခြံမှ ကြက်မဲမွေးမြူသူ၏ ပြောကြားချက်အရ ကြက်မဲ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၅,၀၀၀ မှ ၇၀,၀၀၀ ခန့် ရှိကာ ပြင်ဦးလွင်တွင်မူ ကြက်မဲကို တစ်ကောင်လုံးလိုက် ရောင်းချလေ့ရှိကာ တစ်ကောင်လျှင် ကျပ် ၁၀၀,၀၀၀ ခန့် ရှိပြီး ဒေသတစ်ခုနှင့်တစ်ခု ရောင်းချပုံနှင့် ဈေးနှုန်း ကွဲပြားကြောင်း သိရပါတယ်။

“ကျွန်တော် ရန်ကုန်မှာ မွေးထားတဲ့ ကြက်မဲတွေက လွှတ်မွေးထားတာပါ။ ကောင်ရေ တစ်ထောင်လောက်ပဲ ရှိသေးလို့ စီးပွားဖြစ် အကြီးအကျယ်တော့ မလုပ်နိုင်သေးဘူး။ ကြက်မဲအပြင် သာမန်ကြက်အချို့ကိုပါ လွှတ်ကျောင်းမွေးမြူထားပေမယ့် ရန်ကုန်က တရုတ်နွယ်ဖွား စားသုံးသူတွေအတွက်တောင် လုံလောက်အောင် မရောင်းနိုင်ပါဘူး။ ပြင်ဦးလွင်က ကြက်မဲတွေကိုလည်း ရန်ကုန်အပြင် မန္တလေးနဲ့ အခြားဒေသတွေကိုပါ ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်” လို့ ထိုင်းကျီး စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်က ပြောပါတယ်။
ရန်ကုန်နှင့် မန္တလေးအပြင် တောင်ကြီးတွင်လည်း ကြက်မဲမွေးမြူသူများရှိပြီး ဒေသတွင်းနှင့် ပတ်ဝန်းကျင် စျေးကွက်သို့ ဖြန့်ဖြူးရောင်းချပေးလျက် ရှိတယ်လို့ သိရပါတယ်။

ယူနန်ပြည်နယ် လင်းချန်းရှိ ကြက်မဲဈေးကွက်နှင့် ဒေသတွင်း ထင်ရှားသည့် ဟင်းလျာများ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်းချန်းမြို့တွင်လည်း ကြက်မဲသည် ဒေသခံများ၏ စားသောက်မှုဘဝနှင့် နီးကပ်စွာ ဆက်နွယ်နေပြီး ယွင်ချန့်မြို့နယ်သည် ကြက်မဲကို အဓိက ထူးခြားချက်အဖြစ် ထားရှိကာ မွေးမြူရေးနှင့် စားသောက်ဆိုင် လုပ်ငန်းများကို ပေါင်းစပ်ထားသည့် ဖွံ့ဖြိုးတိုးတက်မှု ပုံစံကို တဖြည်းဖြည်း ဖန်တီးခဲ့ပါတယ်။ ကြက်သားမြီးရှည်နှင့် လက်ဖဲ့ကြက်သား (လက်ဖြင့်ဖဲ့ထားသော ကြက်သားဟင်း) တို့ဟာ ဒေသတွင်း ထင်ရှားသည့် ဟင်းလျာများ ဖြစ်ပါတယ်။
အချက်အလက်များအရ ယွင်ချန့် ကြက်သားမြီးရှည်ကို ၂၀၁၇ ခုနှစ်တွင် ယူနန်ပြည်နယ်၏ စတုတ္ထအကြိမ်မြောက် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း၌ ထည့်သွင်းခဲ့ပြီး၊ ယွင်ချန့် လက်ဖဲ့ကြက်သားကို ၂၀၂၃ ခုနှစ်တွင် ပဉ္စမအကြိမ်မြောက် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း၌ ထည့်သွင်းခဲ့ပါတယ်။ ဤဒေသထွက် ဟင်းလျာ နှစ်မျိုးစလုံးသည် ရိုးရာချက်ပြုတ်မှု အနုပညာကို ထိန်းသိမ်းထားရုံမျှမက ဒေသတွင်း ကြက်မဲမွေးမြူရေး၊ စားသောက်ဆိုင် လုပ်ငန်းနှင့် အလုပ်အကိုင် ရရှိရေးတို့ကိုပါ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်တွင် ယွင်ချန့်မြို့နယ်၌ ကြက်မဲ ရောင်းအားမှာ တစ်ရက်လျှင် ပျမ်းမျှ ၁၃,၀၀၀ ကျော်ရှိခဲ့ပြီး တစ်နှစ်တာ ထုတ်လုပ်မှုတန်ဖိုး ယွမ် ၃၆၀ မီလီယံ ရရှိခဲ့ပါတယ်။ ဒေသခံများသည် မွေးမြူရေး၊ ထုတ်လုပ်ပြင်ဆင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းချခြင်း စသည့် ကွင်းဆက်များကို ချိတ်ဆက်ခြင်းဖြင့် အထူးပြု စားသောက်ကုန်များကို ဒေသ၏ ဝိသေသလက္ခဏာ ပေါ်လွင်သော အစားအစာ ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
“မကြာသေးမီ နှစ်များအတွင်း ယွင်ချန့်မြို့နယ်ဟာ ကြက်မဲမွေးမြူရေးကို ‘တို၊ ငြိမ်၊ မြန်’ (ရင်းနှီးမြှုပ်နှံမှု ကာလတို၊ အကျိုးအမြတ် ရလဒ်ငြိမ်၊ ဝင်ငွေရတာမြန်) သည့် အဓိက လုပ်ငန်းအဖြစ် အလေးထား ဆောင်ရွက်ခဲ့ပြီး ‘တစ်မြို့နယ် လက္ခဏာတစ်ရပ်’ အဖြစ် သီးသန့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခဲ့ပါတယ်” ဟု ယွင်ချန့်မြို့နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ ဗျူရိုမှ ဝန်ထမ်း ဖြစ်သူ Xiong Yingxiang က ပြောကြားခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကာလအတွင်း အဆိုပါ မြို့နယ်သည် မှတ်တမ်းဝင် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုပေါင်း ၁,၀၀၀ ခန့်ကို ကြက်မဲမွေးမြူကြရန် တက်ကြွစွာ တိုက်တွန်းကူညီပေးခဲ့ပြီး ဝင်ငွေ တိုးတက်စေခဲ့သလို ယင်းနောက်ပိုင်းတွင်လည်း ကြက်မဲ လုပ်ငန်းသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ပြန်လည်ဆန်းသစ်ရေးတို့ ပေါင်းစပ်ရာတွင် ထိရောက်စွာ အထောက်အကူ ပြုလျက်ရှိပါတယ်။

ဒေသနှစ်ခု၏ အစားအသောက်ယဉ်ကျေးမှု ဆက်နွယ်မှု
လင်းချန်း ယွင်ချန့်နှင့် မြန်မာနိုင်ငံ ဒေသအချို့တွင် ကြက်မဲ စားသုံးမှု လိုအပ်ချက်နှင့် မွေးမြူရေး လုပ်ငန်းများ ရှိနေကြပြီး ဒေသနှစ်ခု၏ ချက်ပြုတ်ပုံ နည်းလမ်းများ၊ စျေးကွက်ပမာဏနှင့် ရောင်းချရေး လမ်းကြောင်းများ ကွဲပြားခြားနားသော်လည်း စားသုံးသူများ၏ အရသာ အကြိုက်၊ စားသောက်မှု အလေ့အထနှင့် ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ ဆက်နွယ်နေပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်းချန်းမြို့ရှိ ယွင်ချန့်မြို့နယ်နှင့် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတို့၏ စားပွဲဝိုင်းပေါ်မှ ပူပူနွေးနွေး ကြက်မဲစွပ်ပြုတ် တစ်အိုး၊ ကြက်သားမြီးရှည်တစ်ပန်းကန် စသည်ဖြင့် ရိုးရှင်းလှသော အိမ်ချက်အရသာများထဲတွင် ဆင်တူသော စားသောက်မှု အလေ့အထများ ရှိနေပါတယ်။ ယွင်ချန့်တွင် ကြက်မဲကို စွပ်ပြုတ်လုပ်ရုံတင်မကဘဲ ဝက်ပေါင်ခြောက်၊ ချဉ်စော်ကားသီး တို့နှင့်ပါ ပေါင်းစပ်ချက်ပြုတ်ကြသလို သစ်ကြားသီး သို့မဟုတ် အစေ့အဆန်များကို အရည်ကြိတ်၍ ကြက်စွပ်ပြုတ်ထဲထည့်ကာ ထူးခြားသည့် အရသာ ရရှိအောင် ချက်ပြုတ်လေ့ရှိကြပါတယ်။ ကြက်သားမြီးရှည်မှာမူ ဒေသ၏ ကိုယ်စားပြု အကောင်းဆုံး ထူးခြားသည့် ဟင်းလျာတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်လည်း မိသားစုအချို့သည် ကြက်မဲကို စွပ်ပြုတ်လုပ် စားသုံးရသည်ကို နှစ်သက်ကြပြီး ရှောက်ကောဖြင့် ဟင်းခတ်လေ့ရှိကြသလို ချဉ်စော်ကားသီး၊ ဝက်ပေါင်ခြောက်တို့ဖြင့် ကြက်မဲကို ပေါင်းစပ်ချက်ပြုတ် စားသုံးသည့် နည်းလမ်းများလည်း ရှိပါတယ်။ ကြက်မဲမြီးရှည်ကိုလည်း ဒေသခံ တရုတ်နွယ်ဖွားမိသားစုတို့၏ စားသောက်မှု ဘဝတွင် မကြာခဏ တွေ့ရှိရလေ့ရှိပါတယ်။
နောင်အနာဂတ်တွင် ဒေသနှစ်ခု၏ ကွဲပြားခြားနားချက်များ၊ စားသုံးမှု လိုအပ်ချက်များနှင့် စျေးကွက် အခြေအနေများကို ပိုမို နားလည်လာသည်နှင့်အမျှ ယူနန် လင်းချန်းနှင့် မြန်မာနိုင်ငံ သက်ဆိုင်ရာ ဒေသများအကြား ထူးခြားသည့် စိုက်ပျိုးရေး ထုတ်ကုန်များ၊ မွေးမြူရေး အတွေ့အကြုံများနှင့် စားသောက်မှု ယဉ်ကျေးမှု ဖလှယ်ရေး ဆက်ဆံရေးများမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။






