ယခု တစ်ပတ် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာပြီး ယခင်တစ်ပတ်ကထက် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၅၀ ကျော်နှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၅၀၀ နီးပါး ကျဆင်းလာတာကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်တဲ့ စာရင်းများအရ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဧပြီ ၂၄ ရက်နေ့တွင် ရန်ကုန်၌ ဓာတ်ဆီ ၉၂ ရွန် တစ်လီတာ ကျပ် ၄,၆၆၈ ရှိခဲ့ရာမှ ယခု တစ်ပတ် မေ ၁ ရက်နေ့တွင် ဓာတ်ဆီ ၉၂ ရွန် တစ်လီတာ ကျပ် ၄,၅၁၅ သို့ ကျဆင်းခဲ့ပါတယ်။ ထို့အတူ အဆိုပါ ရက်များတွင် ၉၅ ရွန် တစ်လီတာလျှင် ကျပ် ၄,၉၀၉ ရှိခဲ့ရာမှ ကျပ် ၄,၆၇၀ သို့ ကျဆင်းခဲ့ ပါတယ်။
ထို့အပြင် ဒီဇယ် တစ်လီတာလျှင် ကျပ် ၅,၇၅၂ ရှိခဲ့ရာမှ ကျပ် ၅,၂၇၅ သို့ ရောက်ရှိခဲ့သလို ပရီမီယံ ဒီဇယ် တစ်လီတာဟာလည်း ကျပ် ၇,၀၁၂ ရှိခဲ့ရာမှ တစ်လီတာကျပ် ၆,၄၅၅ သို့ ကျဆင်းခဲ့တာကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များစွာမြင့်တက်သွားခြင်း မရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံအတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း ယနေ့ မေလ ၁ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
Photos- စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ






