[latest_news_marquee]

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသဘောတူညီချက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာကွန်ဖရင့်နှင့် ဆက်စပ်အစည်းအဝေးများကျင်းပခဲ့ပြီး ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။



ဇူလိုင် ၁၆ ရက် ညပိုင်းက ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (World Artificial Intelligence Cooperation Organization – WAICO) ဖွဲ့စည်းခြင်း သဘောတူညီချက်အား လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်အဖွဲ့ တက်ရောက်ခဲ့ကာ အခမ်းအနား၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi က အဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ခဲ့ပြီး အဆိုပါသဘောတူညီချက်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။


၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် Shanghai Expo Center ၌ ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် တက်ရောက်အဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ပေးခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်က AI နည်းပညာနှင့် စပ်လျဉ်းပြီး လုံခြုံရေး၊ ကျင့်ဝတ်နှင့် အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းရန်၊ AI အား လူသား၏ထိန်းချုပ်မှု အောက်တွင်ထားရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ AI အုပ်ချုပ်မှုပုံစံကို ပုံဖော်ရာတွင် မတူကွဲပြားသည့် ယဉ်ကျေးမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ထည့်သွင်းစဉ်းစားရန်၊ နိုင်ငံများ၏ ကိုယ်ပိုင်စီရင်အုပ်ချုပ်ပိုင်ခွင့်ကို လေးစားပြီး အားလုံးပါဝင်နိုင်သည့် အုပ်ချုပ်မှုပုံစံဖြစ်စေရေး ဆောင်ရွက်သွားရန်နှင့် ဖွံ့ဖြိုးဆဲ Global South နိုင်ငံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဒီဂျစ်တယ်ကွာဟမှု လျှော့ချရေးတို့ကို အဓိကထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပြီး ကွန်ဖရင့်အား ညနေ ၅ နာရီအထိ သက်ဆိုင်ရာကဏ္ဍခွဲများအလိုက် ဆက်လက်ကျင်းပခဲ့တယ်လို့ သိရပါတယ်။


ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် Shanghai International Convention Center ၌ ကျင်းပသည့် WAICO ဖွဲ့စည်းထူထောင်ခြင်းအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ပြီး WAICO ကို ကျင့်ဝတ်နှင့်ညီညွတ်သော၊ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့သော AI ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်လာစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် AI ကွာဟမှုလျှော့ချရေး၊ ဆိုက်ဘာလုံခြုံရေး၊ သတင်းမှားပြန့်ပွားမှုတိုက်ဖျက်ရေးတို့ ကဲ့သို့သောကဏ္ဍများတွင် အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း AI နည်းပညာသည် ကမ္ဘာ့လူသားအားလုံးကို စွမ်းဆောင်ရည်မြှင့်တင်ပေးသော၊ သာယာဝပြောရေးကို မြှင့်တင်ပေးသော၊ လုံခြုံရေးကို ကာကွယ်ပေးသောပုံစံဖြင့် တိုးတက်လာစေရေးအတွက် အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု နည်းပညာကွန်ဖရင့်ကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် AI အသုံးပြုနိုင်မှုကွာဟချက်ကို လျှော့ချရန်၊ မျှတမှုရှိသော ကမ္ဘာလုံးဆိုင်ရာ AI စီမံအုပ်ချုပ်မှုနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တို့ကို ထူထောင်ရန်နှင့် AI နည်းပညာများကို နိုင်ငံများနှင့် လူသားအားလုံး၏ အကျိုးစီးပွားအတွက် ပိုမို၍အသုံးချလာနိုင်စေရန်ဟူသည့် အဓိကရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံက ဦးဆောင်ပြီး နှစ်စဉ်ကျင်းပလျက်ရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News