စားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ အစိုးရ၏ လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး အလေးထားဆောင်ရွက်သွားမယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၂၂ ရက်က ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့၌ ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဝေ၏ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းကို ဖြေကြားရာမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အခုလို ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသုံးနေသည့် အခြေခံစားသောက်ကုန်ပစ္စည်း ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းဆန်စားသုံးမှုဖူလုံစေရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး ဆန်၊ စပါး အခြေခံရည်ညွှန်းဈေးနှုန်းများကို အခါအားလျော်စွာထုတ်ပြန်ခြင်းတို့ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။
ထို့ပြင် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်စားသုံးဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး အဖွဲ့များက ဈေးနှုန်းသတ်မှတ်ပေးကာ ရောင်းချစေလျက်ရှိတယ်လို့လည်း ဆိုပါတယ်။
ထို့အတူ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်း ကျဆင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုထား တယ်လို့လည်း ဒုတိယဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
Photos – MOI






