[latest_news_marquee]

ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသည့် အသင့်စားမုန့်များ စစ်ဆေးတွေ့ရှိပါက အရေးယူမယ်

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်အုပ်စု ၈ အုပ်စုခွဲ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့် အခြားဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။

စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်းဒေသကြီး/ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center (1535) သို့ တိုင်ကြားနိုင်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၇၃ အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။

စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အသင့်စားမုန့်များမှာ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်အသား သေချာမဖော်ပြထားဘူးဆိုရင် ဝယ်ယူစားသုံးသူအနေနဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတွေ ပါ၊ မပါဆိုတာ ခွဲခြားမသိနိုင်ဘဲ အသက်အန္တရာယ်ဖြစ်နိုင်တဲ့အတွက် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ဝယ်ယူစားသုံးနိုင်ရန်၊ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် လိုအပ်ပါတယ်” လို့ နိုင်ငံပိုင်မီဒီယာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားထားပါတယ်။

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်လို့ စားသုံးသူပြည်သူများနှင့် ထုတ်လုပ်သူလုပ်ငန်းရှင်များ သိရှိစေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်တိုက်များ၊ ဈေးများနှင့် ကျောင်းမုန့်ဈေးတန်းများတွင် ရက်သတ္တပတ်အလိုက်၊ လအလိုက် စစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

Photos- FDA

Your Ad Here
Ad Size: 336x280 px

More News